သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၅၈၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၁၇၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ်  ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၅၈၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၁၇၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂ ရက် နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေး စခန်း၌ ကလောမှ သာစည်ဘက်သို့ ပြည့်ဖြိုးထွန်း မောင်းနှင်ပြီး မျိုးကျော်သူနှင့်သန့်ဇင်ကိုတို့လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၅၈၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၁၇၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းစိမ်းများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်