သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းများ၏ ကျောင်းနေ သားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာ မေးပွဲတွင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ရိုးရိုးအောင် ကျောင်းသား ကျောင်းသူများကို ပညာရည် ချွန်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားမည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကိုလည်း ပညာသင်ထောက်ပံ့ကြေးများပေးအပ် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင် ၃ ဦးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နှစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂ ဦးတို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တစ်ဘာသာဂုဏ်ထူးရှင် ၄ ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ပြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုး အောင်မြင်သည့် ကျောင်းသား ကျောင်းသူ ၃၀ တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ကျောင်းနေ သားသမီးများအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်သုထက်က ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ကျောင်းသား ကျောင်းသူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများ၏ ကျောင်းသား ကျောင်းသူ ၁၉၈၅ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၁၄,၂၈၁,၀၀၀ ကိုလည်းကောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၄၄ ဦးအနက် ရိုးရိုးအောင်မြင်သူ ၃၀ အတွက် တစ်ဦးလျှင် ကျပ်ငါးသောင်း၊ ဂုဏ်ထူးတစ်ခုလျှင် တစ်ဘာသာ တစ်သိန်းနှုန်းဖြင့် ဂုဏ်ထူးရရှိသူ ၁၄ ဦးအတွက် ချီးမြှင့်ငွေကျပ် ၄,၇၀၀,၀၀၀ ကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့ ချီးမြှင့်ငွေကျပ် ၁၈,၉၈၁,၀၀၀ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)