သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး

နေပြည်တော် ၂၆ ဇူလိုင်

 

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာတော် အရှည်တည်တံ့ခိုင်မြဲရေး၊ သာသနာတော်သန့်ရှင်းရေး၊ တရားဒေသနာများမကွယ်ပျောက်ရေးအတွက် သင်္ဂါယနာတင်ပွဲ ခြောက်ကြိမ် ကျင်းပခဲ့သည့်အပြင် သံဃာ့အစည်းအဝေးကြီးများကို နှစ်စဉ်ကျင်းပခဲ့သည်။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်သန္တာန်၌ မြတ်စွာဘုရားရှင်၏ အဆုံးအမ တရားတော်တို့ တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ခြင်း၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်။

 

မြတ်စွာဘုရားရှင်သာသနာတော်တွင် ထေရ်ကြီးဝါကြီး အရှင်သူမြတ်တို့က ရဟန်းရှင်လူပြည်သူများ အကုသိုလ်အမှုများ မဖြစ်အောင် ဆောင်ရွက်ခြင်း၊ သုစရိုက်တရားများ တိုးပွားအောင် ကျင့်ကြံ အားထုတ်ခြင်းတို့ကို ညွှန်ပြသည်။ မျက်မှောက်ကာလတွင် သာသနာရေး နှင့်ပတ်သက်၍ အဓိကကျသည့်အဖွဲ့အစည်းကြီးမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း သာမက အတိုင်းတိုင်းအပြည်ပြည်မှ ရဟန်းရှင်လူပြည်သူများ အသိအမှတ်ပြုထားသည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဖြစ်သည်။

 

ထိုသံဃာ့အဖွဲ့အစည်းကြီးတွင် ပါဝင်တော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အရှင်သူမြတ်တို့သည် ခန္တီတရားလက်ကိုင်ထားခြင်း၊ ရှင်ကောင်း၊ ရဟန်းကောင်းတို့၏ အနွယ်စဉ်၌ ပါဝင်စေခြင်း၊ သာသနာတော် အရေးကိစ္စဟူသမျှတို့၌ စေ့စေ့ငုငုကြည့်ရှုမြော်မြင်နိုင်ကြသည့် ပုဂ္ဂိုလ်များဖြစ်ခြင်း၊ ဒုက္ခဘုံသား သပ္ပုရိသသတ္တဝါအများအား တရားတော်ဖြင့် ဖေးမကူညီစောင့်ရှောက်တော်မူခြင်း စသည်တို့နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလျက်ရှိသည်။

 

ယခုအခါ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ သာမဏသာရုပ္ပမဖြစ်သော အမှုကိစ္စများ မပေါ်ပေါက်စေရေးအတွက် ညွှန်ကြားလွှာများ ထုတ်ပြန်၍ ဒေသအလိုက်တွင် သာသနာနှင့်မလျော်ကန်သည့် အမှုကိစ္စများ မပြုလုပ်မိကြစေရန် သတိပေးခဲ့သည်။ သို့သော်လည်း ဖောက်ဖျက်မှုများ ဆက်လက်ရှိနေပြီး အမှုအခင်းများဖြစ်လာသည်အထိ စက်ဆုပ်ဖွယ်ရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိနေရကြောင်း သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေး ပထမနေ့တွင် ဆရာတော် အရှင်သူမြတ်တို့၏ လျှောက်ထားချက်အရ ကြားသိရသည်။

 

မြတ်စွာဘုရားရှင် ဟောဖော်ညွှန်ပြထားသော ဝိနည်းဒေသနာ တရားတော်တို့နှင့်အညီ သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဟူသော နိုင်ငံတော်သံဃမဟာနာယကမူအရ နိုင်ငံတော်သံဃမဟာနာယက သံဃာ့အဖွဲ့အစည်းကြီးနှင့်အတူ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့က မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူခြင်းတည်း ဟူသော တာဝန်များအား အလေးဂရုပြု သန့်ရှင်းဆောင်ရွက်တော်မူ နေသည်ကို တွေ့ရသည်။

 

သာမဏသာရုပ္ပမဖြစ်သည့် အမှုကြီးငယ်တို့မှအစ ပါရာဇိကကျသည့်ကြီးလေးသော အမှုများအထိ မည်သည့်အမှုမဆို သာသနာတော်နှင့် မအပ်စပ်သည့်အမှုများ၊ သာသနာတော်ကို ပျက်စီးစေသော ပြုလုပ်မှုများ ဖြစ်ပါသည်။ ထိုအမှုတို့ကို အနည်းငယ်မျှသော သံဃာက ပြုလုပ်မိသည်ဖြစ်၍ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်မည့်အရေးကို သိတော်မူကြသော အရှင်သူမြတ်တို့က သတိပေးထောက်ပြပြီး သာသနာတော်ကြီးအရေးကို သတိကြီးစွာဖြင့် လက်ကိုင်ထား ဆောင်ရွက်တော်မူလျက်ရှိပါသည်။

 

သို့ဖြစ်ရာ လေးလလျှင် တစ်ကြိမ်ကျင်းပသည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးကြီးများသည် သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဟူသော မူအတိုင်း သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးလုပ်ငန်းများကို မြတ်စွာဘုရားရှင် အဆုံးအမနှင့်အညီ ပိုမိုကြိုးပမ်းအားထုတ် စောင့်ရှောက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

ကြေးမုံ