သာသနာတော်အကျိုး ထူးခြားစွာသယ်ပိုး အများပြည်သူ ပီတိအဟုန်တိုး၍ ငြိမ်းချမ်းသာယာ

ကိုရင်မောင်

ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဘုရားရှင်အား ပထမဆုံးဖူးတွေ့ရသူ (ဘုရားဖူးဦး)၊ ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)၊ ပထမဆုံး ဒွေဝါစိက သရဏဂုံတည်သူ (သရဏဂုံဦး)၊ ပထမဆုံး ဆံတော်ရှင် ချီးမြှင့်ခံရသူ(ဆံတော် ဓာတ်တော်ဦး)၊ ပထမဆုံး စေတီဘုရားတည်ရသူ(စေတီဦး-ဘုရားဦး) ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရသူမှာ မြန်မာပြည်ဖွားပင်ဖြစ်ကြောင်း သာသနာသမိုင်းတွင် မှတ်တမ်းတင်ထားပါသည်။

သာသနာသမိုင်းတွင် စေတီဦး-ဘုရားဦး တည်နိုင်သူ ရာမညတိုင်း ဥက္ကလာပ ဇနပုဒ် ပေါက္ခဝတီမြို့မှ တပုဿ၊ ဘလ္လိက ညီနောင်နှင့် ဥက္ကလာပ မင်းမြတ်တို့၏ စွမ်းဆောင်နိုင်မှုကြောင့် ကမ္ဘာ့အံ့ဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ပြည်တွင်း၊ ပြည်ပမှ ပြည်သူများ ကြည်ညိုဖူးမြော်နေကြရပါသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထွတ်အမြတ်ပြု၍ ကိုးကွယ်ဆည်းကပ်သည့် နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုထား သည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ အဓိကပင်မမြေတွင် “ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓသာသန”ဟု ဆိုအပ်သော သာသနာတော်သုံးရပ်ကို ဦးခိုက်မတ်မတ်ပြုကြရာ၌ မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ၊ နှုတ်မြွက်ဟောကြားတရားတော်များ၊ မွေတော်အသုံးအဆောင်များဖြင့် ဌာပနာမှုပြု၍ တည်ထားကိုးကွယ်ကြသော ဓာတုစေတီ၊  ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီတော်မြတ်များကို မြန်မာပြည်တစ်ဝန်းတွင် ဖူးတွေ့နိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံကို စေတီပုထိုးနိုင်ငံ သို့မဟုတ် ရွှေနိုင်ငံဟု တင်စားပြောဆိုကြသည်။

စိတ်နှလုံးချမ်းမြေ့

ဗုဒ္ဓဘုရားဆိုသည်မှာ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား ဘုရားစင်စစ် ဖြစ်ပါသည်။ စေတီဘုရားရုပ်ပွားတော်ဆိုသည်မှာ သက်တော်ထင်ရှား မြတ်စွာဘုရားအား ရည်မှန်း၍ ကိုယ်စား၊ ကိုယ်ပွားဆည်းကပ်ရာဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က လောကတွင် ပွင့်ထွန်းတော်မူခဲ့သော မြတ်စွာဘုရား၊ ခပ်သိမ်းသော တရားအပေါင်းတို့ကို မဖောက်မပြန် ကိုယ်တော်တိုင်ဉာဏ်ဖြင့် ကျင့်ကြံအားထုတ်၍ သိတော်မူသော မြတ်စွာဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ လောက၏ အကြောင်းအရာအလုံးစုံကို အကုန်အစင်သိမြင် တော်မူသော မြတ်စွာဘုရားစသည့် ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုပြီး ဖူးမြော်ရသောအခါ အတိုင်းအဆမရှိ ပီတိကုသိုလ်ဖြစ်ကြရပါသည်။ ဖူးမြော်ကြည်ညိုကြကုန်သော ဝေနေယျအပေါင်းတို့၏ စိတ်နှလုံးဘဝင်တွင် ချမ်းမြေ့ကြည်လင်ခြင်း ဖြစ်ကြရပါသည်။

စေတီဘုရား တည်ထားကိုးကွယ်ခြင်းကြောင့် ငြိမ်းအေးချမ်းသာမှုနှင့် ကုသိုလ်အပေါင်းကို ရရှိနိုင်မည့်အခွင့်ထူးသည် မြန်မာနိုင်ငံ၏ ထူးခြားသည့် ဂုဏ်အင်လက္ခဏာဖြစ်ပါသည်။ မြန်မာနိုင်ငံသမိုင်းတွင် ဘုန်းကံကြီးမားသော မင်းများက စေတီဘုရားများ တည်ထားခဲ့ကြသောကြောင့် ယနေ့ထက်တိုင် ပြည်သူများ ကိုးကွယ်ဆည်းကပ်နိုင်သည့် ကောင်းမှုကုသိုလ်များ ရရှိနေကြပါသည်။ မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ ဆည်းကပ်ပူဇော်ခွင့် ရနေသည့် ထင်ရှားကျော်ကြားသော စေတီဘုရား ပုထိုးများ များစွာရှိပါသည်။ မျက်မှောက်ကာလတွင်လည်း ကမ္ဘာပေါ်၌တည်ထားသော ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား ပြည်တွင်း၊ ပြည်ပမှ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ တည်ထားလျက်ရှိသည်ကို ဝမ်းမြောက်ကြည်နူးဖွယ် တွေ့မြင်ရပါသည်။

ထေရဝါဒဗုဒ္ဓနိုင်ငံ

“မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိနေမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် တည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓ၏တရားတော်များကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စသင်္ဂါယနာတင်ခဲ့ပြီး ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ဆဋ္ဌသင်္ဂါ ယနာတင်ခဲ့ပါသည်။ ထို့ကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် အခြေခံခိုင်မာမှုရှိခြင်းကို ဆက်လက်ပြသနိုင်ရန်အတွက် ရုပ်ပွားတော်မြတ်ကြီးကို ရည်ရွယ်တည်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာ့သမိုင်းတွင် ဘုရားတည်သော မင်းတို့သည် ဘုရားတည်ခြင်းကိစ္စအဝဝတို့ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြပါသည်။ ယခု မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားမှုနှင့် ပတ်သက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲ၏ ဘုရားတည်မှု သဒ္ဓါကုသိုလ်စိတ်များနှင့် ဆောင်ရွက်ချက်များမှာ ထူးခြားမှုများစွာရှိနေသည်ကို တွေ့ရပါသည်။ ရုပ်ပွားတော်ကြီး တည်ထားရန်အတွက် စကျင်ကျောက်တော်ကြီးများ စတင်သယ်ဆောင်သည်မှစ၍ ဘုရားတည်ထားခြင်းနှင့် သာသနိကသာသနာရေးဆိုင်ရာ လုပ်ငန်းကိစ္စအဝဝများ ဆောင်ရွက်နေသည့်ကာလများတွင် နိုင်ငံ့တာဝန် ဝတ္တရားကြီးမားများပြားသည့်ကြားမှ သဒ္ဓါတရားထက်သန်စွာဖြင့် ကိုယ်တိုင်ကိုယ်ကျဦးဆောင် ကြီးကြပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါသည်။

ကိုယ်တိုင်ရှင်းလင်းပြသ

ရုပ်ပွားတော်ကြီး တည်ထားပြီးစီးမှုနှင့် ပတ်သက်၍ ကုသိုလ်ပါဝင်ခဲ့ကြသည့် ဓမ္မမိတ်ဆွေ များသည် ဘာသာ၊ သာသနာအားဖြင့်လည်းကောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တိုးတက်မှုရှိရန် ကျရာအခန်းကဏ္ဍများမှ ပါဝင်ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်များဖြစ်ကြ၍ လည်းကောင်း ၎င်းတို့အား အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်နေသည့် အခြေအနေများကို သိရှိရန် လိုအပ်သည်ဟု နိုင်ငံတော်အကြီးအကဲက ယူဆပြီး အများပြည်သူ ကုသိုလ်သဒ္ဓါစိတ်များ တိုးပွားများနိုင်စေရန်အတွက် ၂၉-၆-၂၀၂၃ ရက်နေ့နံနက်ပိုင်းက ကိုယ်တိုင် ရှင်းလင်းပြသခြင်းသည် ထူးခြားချက်တစ်ခုဟု ဆိုနိုင်ပါသည်။ နိုင်ငံတော်အကြီးအကဲက ရှင်းလင်းပြောကြားခဲ့သည်များအနက်- 

“မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်အတွက် သာသနာတော် ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်သာယာဝပြောမှုရှိမှုဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်း ဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရမည်၊ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့်အရိပ် အာဝါသအောက်တွင် အားလုံးအေးအေးချမ်းချမ်း ဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေးဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှုမေတ္တာ တရားထားသည့် ဘာသာတရားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရား၏အောက်တွင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုရှိစေရေး ရည်ရွယ်ချက် များဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” အချက်ကို မှတ်သားရပါသည်။

ရတနာပုံခေတ်ဟန်

ဒုတိယထူးခြားချက်မှာ ရုပ်ပွားဆင်းတုတော်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ရာ၌ ခေတ်အလိုက် တည်ထားဆောင်ရွက်ခဲ့သည့် ရုပ်ပွားတော်များအနက်မှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန်ဘူမိဖဿပုံစံဖြင့် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီး ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံ၏ ဘာသာသာသနာယဉ်ကျေးမှုသမိုင်းမှာ အဆက်ပြတ်သွားခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ပြန်လည်အသက်ဝင် ခဲ့သည်။ ကိုလိုနီဖြစ်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများ ပျက်စီးသွားခဲ့ခြင်းကြောင့် နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကို ပြန်လည် ပုံဖော်ရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။

တတိယထူးခြားချက်မှာ ဆင်းတုတော်ကြီး ထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းမှ သယ်ယူရန် အခက်အခဲများရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှ ဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှ နေပြည်တော်သို့ သယ်ဆောင် နိုင်ရေးအတွက် အသေးစိတ်လိုက်လံကြည့်ရှုခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူ ပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့် နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ပင့်ဆောင်ခဲ့သည်။ ကျောက်တုံးတော်ကြီးများ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့် စုစုပေါင်းကိုးကြိမ် ပင့်ဆောင်ခဲ့ရသည်။

တန်ချိန် ၈၁၅၈ တန် သယ်ဆောင်ခဲ့သည်။ ရေလမ်းခရီးဖြင့် စကျင်ကျောက်တုံးကြီး သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့သည်။

အောင်မြင်စွာဆောင်ရွက်

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူနိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည် လမ်းဖောက်လုပ်ခဲ့သည်။ နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် စတင်ပင့်ဆောင်ခဲ့သည်။ ပင့်ဆောင်ရာတွင်လည်း တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြား သယ်ဆောင်နိုင်သည့် ကားများသွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်းနှင့် လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ အချိန်အားဖြင့် လေးလကြာမြင့်ခဲ့သည်။ ကျောက်တော်ကြီးများ ပင့်ဆောင်သည့်အချိန်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလနှင့် နိုင်ငံရေးအရ အကျပ်အတည်းများဖြစ်နေ၍ ကျောက်တော်ကြီးများ ပင့်ဆောင်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

စကျင်ကျောက်တုံးတော်ကြီးများကို ကုန်းလမ်း ခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း ခုနစ်ခေါက် သယ်ယူခဲ့ရပြီး အလေးချိန်အားဖြင့် ၇၆၃၂ တန် ဖြစ်သည်။ သယ်ယူရာတွင်လည်း ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modular Trailer များ ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန် အများဆုံးအရာဝတ္ထုများကို ခရီးအကွာအဝေးအရှည် ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကို ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသော ရေလမ်းခရီးသယ်ဆောင်မှုနှင့် အဝေးဆုံးသော ကုန်းလမ်းခရီးသယ်ဆောင်မှုကို ထူးထူးခြားခြားဆောင်ရွက်နိုင်ခဲ့သည်။

ရှေးမူမပျက်ဆောက်လုပ်

စတုတ္ထထူးခြားချက်မှာ ဘုရားကြီးတည်ထား ကိုးကွယ်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍ ခမ်းခမ်းနားနား ထင်ထင်ပေါ်ပေါ်ရှိစေရန် ရည်ရွယ် တည်ဆောက်ခဲ့သည်။ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ခဲ့ သည်။ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက် များအရ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Lan-guage တို့ဖြင့် ကျောက်ထက်အက္ခရာတင်ရေးထိုး နိုင်ရေးနှင့် ကျမ်းစာအုပ်များ ပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ခဲ့သည်။ အဆိုပါပိဋကတ်သုံးပုံအား Application ဖြင့် ထည့်သွင်း၍ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။ မာရဝိဇယဥယျာဉ်အတွင်း မန္တလေးရတနာပုံခေတ် မင်္ဂလာတံတားပုံစံ တံတားတစ်စင်း၊ ရေပန်းရင်ပြင်တည်ဆောက်ခြင်းနှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးများ တည်ဆောက်ခဲ့သည်။ ဘုရားဖူးလာပြည်သူများ အနားယူနိုင်မည့် သုဓမ္မာဇရပ်များကို ကျွန်းတိုင် များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်ဆောက်လုပ်ထားသည်။

ပဉ္စမထူးခြားချက်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရတနာပလ္လင်တော်ထက်၌ ဌာပနာထည့်သွင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဖေဖော် ဝါရီလ ၁၀ ရက်နေ့တွင် ရတနာပလ္လင်တော်ထက်၌ ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ ခုနစ်ရက် သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့သည်။ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ခဲ့သည်။

အရှည်တည်တံ့ခိုင်မြဲ

ဆဋ္ဌမထူးခြားချက်မှာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက် ပန္နက်ရိုက်ခဲ့သည့်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၁၁၁၁၊ သုံးနှစ်နှင့် ၁၆ ရက် ကြာမြင့်ခဲ့သည်။ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တန်ချိန် ၂၀၀၀၀ တန်အထိ ခံနိုင်သော အောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် ရစ်ချ်တာ စကေး ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက်တည်ဆောက်ခဲ့သည်။

ရင်ပြင်တော်တွင်  စိမ်းစိုစိုပြည်လှပသည့် မြက်ခင်းများကိုလည်း ထည့်သွင်းတည်ဆောက် ထားသည်။ ဂန္ဓကုဋိတိုက်များကိုလည်း စကျင်ကျောက်များအသုံးပြု၍ မန္တလေးမြို့ အတုမရှိ ကျောင်းတော်၏ ပုံစံအတိုင်း အဆောင်တစ်ခုနှင့်တစ်ခု အနုလက်ရာများ လုံးဝမတူညီသည့် ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူးလာပြည်သူများ နေပြင်းသည့်အချိန်များတွင် ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားသည်။ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်နိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ ဘုရားကြီး ပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားသည်။

 ကြည်ညိုသဒ္ဓါစိတ်တိုးပွား

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာထုံးများနှင့် အညီ အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထူးခြားသည့် ရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်နိုင်သဖြင့် အများပြည်သူတို့ ဝမ်းမြောက်နုမောသာဓုခေါ်ဆိုကြသည်။ ကြည်ညို သဒ္ဓါစိတ်များ တိုးပွားများပြားလာကြသည်။ ဇွန်လ ၂၉ ရက်နေ့ နိုင်ငံတော်အကြီးအကဲက ရှင်းလင်းပွဲ ပြုလုပ်သည့် တစ်ရက်တည်းတွင် အခမ်းအနား တက်ရောက်လာကြသူအလှူရှင် ၁၀၁ ဦးက သဒ္ဓါ တရားစိတ်ထက်သန်စွာဖြင့် အလှူငွေကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) လှူဒါန်းခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုလျှင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှုနှင့် ပတ်သက်သည်တို့ကို နိုင်ငံတော်အကြီးအကဲ ရှင်းလင်းပြောကြားမှုများအရ အသေးစိတ်သိရှိခဲ့ရပါသည်။ ဤသို့ထူးခြားလှသည့် ကမ္ဘာ့အံ့ဖွယ် ကျောက်ဆစ်ရုပ်ပွားတော်တစ်ဆူ ဖြစ်လာမည့် ဉာဏ်တော်အမြင့်ဆုံး “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အောင်မြင်စွာ တည်ထားနိုင်သည့် သာသနာတော်အကျိုးကို ထူးခြားစွာ သယ်ပိုးထမ်းဆောင်နိုင်မှုများကြောင့် အများပြည်သူတို့ မြတ်စွာဘုရားရှင်အား ကြည်ညိုရသည့် ပီတိကုသိုလ်အဟုန်များ တိုးပွားပြီး ကမ္ဘာ လောကတစ်ခုလုံး ငြိမ်းချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။  ။