သွားထိန်းတပ်ထားတယ်ဆိုရင် ဒါတွေ ရှောင်စားပါ

၄  နိုဝင်ဘာ

 

သွားတွေမညီလို့၊ သွားကျဲနေလို့ သွားခေါနေလို့ဆိုပြီး ကိုယ့်သွားကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလို စိတ်တိုင်းမကျတဲ့သူတွေအတွက် သွားထိန်းကသာ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မညီတဲ့သွားတွေကို ပြန်ညှိပေးမယ်၊ ကျဲနေတဲ့သွားတွေကို ပြန်စိပေးမယ် ခေါနေတဲ့သွားတွေကို ပြန်ဝင်အောင် လုပ်ပေးနိုင်တာ သွားထိန်းလို့ခေါ်တဲ့ ( braces) တွေပါ။

 

သွားထိန်းတစ်ခုတပ်တော့မယ်လို့ဆုံးဖြတ်ထားရင်

စိတ်ရှည်ရမယ်။ – ဒီနေ့တပ် နောက်တစ်ပါတ်လောက်ဆို သွားတွေကို ပြန်ညှိနိုင်တာ မဟုတ်ဘူးလေ။

သွားထိန်းတပ်ထားတဲ့အချိန် အနည်းငယ်ပြောင်းနေတဲ့ ကိုယ့်ရုပ်ကို သည်းခံနိုင်ရမယ်။

သွားထိန်းနဲ့ သွားတွေကို သေချာ သန့်ရှင်းရေးလုပ်တတ်ရမယ်။

အစားရှောင်ရမယ်။ ဒီအချက်တွေ လိုက်နာနိုင်မှ သွားထိန်းတပ်သင့်ပါတယ်။

သွားတိုက်တာ၊ စိတ်ရှည်ရမယ်ဆိုတာတွေက သိပြီးပြီးဆိုတော့ ဒီနေ့ဆောင်းပါးထဲမှာ သွားထိန်းတပ်ထားရင် ရှောင်ရမယ့် အစားအစာတွေ အကြောင်းပြောပြချင်ပါတယ်။

 

အစားအစာတ ွေရှောင်ရမယ့်သူတွေထဲမှာ ချွတ်ရတပ်ရလွယ်တဲ့ ပလစ်စတစ်သွားထိန်း ( Invisalign plastic aligners ) သမားတွေထက် ဝါယားကြိုးနဲ့ သွားထိန်းတပ်တဲ့သူတွေက ပိုအရေးကြီးပါတယ်။ ဖြုတ်လို့မရတဲ့ ဝါယာကြိုးတွေတပ်ထားတော့ သန့်ရှင်းရေးလုပ်ရတာ ပိုခက်တယ်လေ။ ဒီတော့အစားအသောက်လေး ဆင်ခြင်ဖို့လိုတာပေါ့ ။ ဘာတွေ ရှောင်ရမလဲ ။

 

ဝါယာကြိုးတွေနဲ့ အသေတပ်ထားတဲ့ သွားထိန်းတွေက မာကြာတဲ့ အစားအစာတွေကြောင့် နေရာလွဲတာ ပြုတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

အချိုတွေ၊ စေးကပ်တဲ့ အစားအစာတွေ စားရင် သန့်ရှင်းရေးလုပ်ရတာ မစင်ဘဲ ကပ်ကျန်နေတတ်ပြီး သွားပိုးစားစေပါတယ်။ ဒီတော့ ဒီအစားအစားတွေကို ရှောင်စားရပါမယ်။

( ၁ ) ပီကေ – သွားထိန်းမှာ ကပ်သွားရင် ပြန်ခွာဖို့ အတော်ခက်ပါလိမ့်မယ်။

 

( ၂ ) တော်ဖီ – မကျီး တော်ဖီ ၊ဇီးတော်ဖီ၊ သကြားလုံး စတဲ့ မာတဲ့အရာတွေက သွားထိန်းကို နေရာလွဲစေသလို ပြုတ်လည်းပြုတ်သွားစေနိုင်ပါတယ်။

 

( ၃ ) အသီးအနှံ – ပန်းသီး ၊ မုန်လာဥ စတာတွေကို အသီးလိုက် ကိုက်မစားသင့်ပါဘူး။ အတုံးလေးတွေ တုံးပြီးလှီးပြီးမှ စားပါ။

 

( ၄ ) ပေါင်မုန့်၊ ပီဇာ၊ ကိတ်ခြောက်စတဲ့ သွားကြားကပ်စေတဲ့ အစားအစာတွေရှောင်ပါ။

 

( ၅ ) အစေ့အဆံ တွေ – မာကြောတဲ့ အစေ့အဆံတွေ၊ အရိုးတွေ နဲ့ ရေခဲတုံး တွေကို ရှောင်ပါ။

 

( ၆ ) သွားပိုးစားစေပြီး သွားထိန်းပေါ်မှာ စွန်းထင်ကျန်စေနိုင်တဲ့ အချိုများတဲ့ အစားအသောက်တွေ၊ အချဉ်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။

 

(၇ ) အသား – အမဲသားတို့။ ကြက်သားတို့လိုမျိုး စားပြီး သွားကြားညပ်တဲ့ အသားတွေ အများကြီး မစားပါနဲ့။

 

( ၈ ) ပြောင်းဖူးပေါက်ပေါက်တို့ ပြောင်းဖူးကို ဒီတိုင်းကိုက်စားလိုက်တာတို့ကိုရှောင်ပါ။

 

( ၉ ) ကြက်ရိုးကိုက်တာတို့၊ ဆိတ်ရိုးစွတ်ပြုတ်စာပြီး ဆိတ်ရိုးကိုက်တာတို့ ခဏရှောင်ထားပါ။ တောင်ပံစားချင်ရင်တောင်မှ အသားလေးဖဲ့ပြီးမှ တောင်ပံကို ကိုက်ပါ။ အရိုးညက်သွားရင် ပြန်ထုတ်ရတာ ခက်ပါလိမ့်မယ်။

 

 

ရေးသားသူ -Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”