သာယာဝတီခရိုင်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုများပြားလာ

သာယာဝတီ ဇွန် ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ရှိ မြို့နယ်များတွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးမှု များပြားလာကြောင်း သိရသည်။

 

သာယာဝတီမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ဧက ၁၀၀ ကျော် စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း၊ ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း စက်မှုလယ်ယာဦးစီးဌာနမှ ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နှစ်သီးမှ သုံးသီး တိုးချဲ့စိုက်ပျိုးလာခြင်း၊ ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်လိုခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ လုပ်အားခသက်သာခြင်း၊ သက်တမ်းနု ပျိုးပင်ငယ်များ စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းမွန်စေခြင်း၊ ပေါင်းရှင်းရန် လွယ်ကူခြင်းနှင့် ရိတ်သိမ်းစက်များဖြင့် အလွယ်တကူ အဆင်ပြေစွာ ရိတ်သိမ်းနိုင်ခြင်း စသည်တို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခုမိုးစပါးရာသီတွင် ကောက်စိုက်စက်ဖြင့် ဧကများစွာ စိုက်ပျိုးရန် တောင်သူများ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

 

သာယာဝတီခရိုင်တွင် ကောက်စိုက်စက်ဖြင့် ဧက ၂၇ဝ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးမှူးထံမှ သိရသည်။

 

သန့်ဇော်(ပြန်/ဆက်)