သာယာဝတီမြို့တွင်  မြေပြင်လူဦးရေစာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်လှစ်ပို့ချ

သာယာဝတီ ဒီဇင်ဘာ ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်က မြေပြင်လူဦးရေစာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူများ (လဝက ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းရှိသူများ) အနက် မှတ်ပုံတင်ပြည့်စုံသူများတွင် (နိုင်)နံပါတ် ၂ကြိမ်ထပ်ခြင်း၊ ၃ကြိမ်ထပ်ခြင်း၊ ၄ကြိမ်ထပ်ခြင်းနှင့် ၂ကြိမ်နှင့်အထက် ထပ်နေသူများ၏ အချက်အလက်များကို သာယာဝတီမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၆၉)အုပ်စုအတွင်း စိစစ်ခြင်း၊ သာယာဝတီ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး (၂၈)မြို့နယ်အတွင်း စိစစ်ခြင်း (Cross Check)  ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၅ ရက်က စတင်စိစစ်လျက်ရှိကြောင်း၊ သာယာဝတီမြို့နယ်၏ မြေပြင်လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Software ဖြင့် (နိုင်)နံပါတ် ၂ ကြိမ်နှင့်အထက် ထပ်နေသူများစာရင်းကို စိစစ်ခဲ့ရာ မြို့နယ်တူ ထပ်နေသူ ၁၁၇၈၀  နှင့်မြို့နယ်မတူဘဲ ထပ်နေသူ ၁၉၃၃ ဦး စုစုပေါင်း ၁၃၇၂၃ ဦး၏ (နိုင်)နံပါတ်များကို လဝက e lD Software ဖြင့် တိုက်ဆိုင် စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ဌာန ၃ ခုပေါင်းစပ်ညှိနှိုင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲ (တွဲဖက်) တာဝန်ခံ ဦးမျိုးမင်းထက် က မိမိတို့ဌာနအပါအဝင် ဌာန ၃ ခုတို့၏ ဆက်စပ်ပူးပေါင်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မြေပြင်လူဦးရေကွင်းဆင်းခြင်းသင်တန်းကို ညနေ ၄ နာရီထိ ခရိုင်လဝကဦးစီးမှူး ဦးဝင်းမြတ်ထွဋ် နှင့်အဖွဲ့ဝင်များက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်၍ ဌာနဆိုင်ရာများမှ သင်တန်းသား၊သင်တန်းသူ (၄၅) ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

အောင်ဝတီ (ပြန်/ဆက်)