သာယာဝတီနှင့် ထားဝယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းများ၏ အဋ္ဌမ အကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲ ကျင်းပ


နေပြည်တော် ဇူလိုင် ၂
 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက ဒေသခံတောင်သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၆၆၅) တောင်သူဦးသိန်းဇော်၏ လယ်မြေတွင် ကျင်းပသည့် မျိုးစေ့ချကရိယာ (Seeder) ဖြင့်မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားနှင့် တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ တောင်သူ ဦးလှဝင်း၏ လယ်မြေတွင် ဆည်ရေသောက် ရေတော်မိုးတော် ဧရိယာတွင် မိုးစပါးစိုက်ပျိုးမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးပြောကြားသည်။ 
ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (သာယာဝတီ) ၌ ကျင်းပသည့် သာယာဝတီနှင့် ထားဝယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းများ၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဒီပလိုမာအပ်နှင်းပွဲတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးတက်စေရန် ကျရာအခန်းကဏ္ဍမှ ကိုယ်စီတာဝန်ယူဆောင်ရွက်ကြမည့် မျိုးဆက်သစ် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးလိုက်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၈၅) ကျောင်းကို ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (၁၅) ကျောင်းမှ ယခုနှစ် ဒီပလိုမာလက်မှတ်ရ ကျောင်းဆင်း မောင်မယ်များထဲမှ (၉၉) ဦးသည် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် သင်ကြားရေးတာဝန် ထမ်းဆောင်နေကြပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီနှင့် ထားဝယ်) ၏ ယခုနှစ် ဒီပလိုမာဘွဲ့ရ မောင်မယ်များထဲမှ (၁၉) ဦးလည်း အပါအဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်လာစေရန် ခေတ်မီနည်းပညာများကို တောင်သူ့လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိအသုံးပြုနိုင်ကြစေရန် ကျောင်းဆင်းမောင်မယ်များအနေဖြင့် ကျရာအခန်းကဏ္ဍများက ပါဝင်ကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဥ္စမဆု ရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး တာဝန်ရှိသူများက ကျောင်းဆင်းမောင်မယ် (၁၄၇) ဦးကို စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်