သဲကုန်းမြို့နယ်ခန်းမ ယာယီဆေးရုံဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂ ဦးအား ဆေးရုံမှဆင်းခွင့်ပြု

သဲကုန်း   ၁  နိုဝင်ဘာ  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂ ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ ၂၂ ဦးသည် အောက်တိုဘာ ၂၅ ရက်မှစ၍ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီဆေးကုသ အဆောင်တို့တွင် သီးသန့်ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ (၁၀)ရက် ပြည့်မြောက် သည့်အချိန်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသည့် ပိုးတွေ့လူနာ ၂၂ ဦးအား လက်ထောက်ဆရာဝန် ဒေါက်တာဘုန်းမြင့်မှ ရောဂါပျောက်ကင်းကြောင်း လက်မှတ်များပေးအပ်ခဲ့ပြီး တာ၀န်ရှိသူ တစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ပြရှင်းလင်းခဲ့ကာ သဲကုန်းမြို့ ပရဟိတနာရေးကူညီမှုအသင်းကားဖြင့် နေအိမ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၂ ဦးရှိရာ ပိုးတွေ့လူနာ ၃၅ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ယခုအခါ ပိုးတွေ့လူနာ ၇ ဦးသာကျန်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)