သဲကုန်း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စပါး မျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်၊ ဒေသအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါးစိုက်ဧက ၁၇၅၇၀ စိုက်ပျိုးသွားရန် လျာထားပြီး ယနေ့အထိ နွေစပါး ၁၀၆၅၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် စပါးစိုက်ဧကများအား ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းများဖြင့်လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ရာတွင် တမံပိတ်စနစ်၊ ဆည်ရေသောက်စနစ်၊ ဆိုလာရေတင်စနစ်၊ ချောင်းပိတ်စနစ်နှင့် စပါးစိုက်ဧကများတွင် ငါးမွေးမြူရေးစနစ်များဖြင့် လည်းကောင်း စိုက်ပျိုးလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် ရတနာတိုး၊ ဗီယက်နမ်၊ ရက်-၉၀၊ YSR(1)၊ မနောသုခ၊ ထိုင်းနှံကောက်၊ ရေဆင်းပေါ်ဆန်းစပါးမျိုးများ အများဆုံး စိုက်ပျိုးထားရှိရာ ယနေ့အထိ စိုက်ဧကပေါင်း ၁၀၆၅၄ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
သဲကုန်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နွေစပါးပန်းတိုင်အထွက်နှုန်း တိုးတက်မြင့်မားစေရန် တောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီပေးခြင်း၊ မြေဩဇာများကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော်(သဲကုန်း)


