သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (တိုင်းအဆင့်) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်   ဇန်နဝါရီ    ၂၈

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (တိုင်းအဆင့်) သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းဆင်းပွဲတွင်  နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။

 

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ ၃၀ တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်သည့် သင်ခန်းစာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ သင်ခန်းစာများ၊ အရေးပေါ်ကာလတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက် ဆွေးနွေးခြင်းများဖြင့် ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)