နေပြည်တော် မေ ၁၂
သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် ဦးစိုးကြည်၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကော်မတီဒုတိယ ဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအလိုက် Container Office နှင့် House များ တောင်းခံထားသည်များကိုလည်း အချိန်မီစိစစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအတွက် ယာယီတည်းခိုရေးစခန်းများ တည်ဆောက်ပေးခဲ့ပြီး လက်ရှိအချိန်တွင် အဆင်ပြေစွာ နေထိုင်လျက်ရှိကြောင်း၊ ယာယီဘာရှာများကို ဝန်ကြီးဌာနအလိုက် သေချာစွာစိစစ်၍ လိုအပ်သည့် အရေအတွက်ကိုသာ ဆောက်လုပ်ကြစေလိုကြောင်း၊ မြေနေရာ ရွေးချယ်မှုနှင့် ရေ၊ မီး၊ မိလ္လာကိစ္စ များကို ကောင်းမွန်အဆင်ပြေအောင် စီစဉ်ပေးကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် လက်ရှိဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဝန်ကြီးဌာနများသို့ Container Office များ ဦးစားပေး အစီအစဉ်အလိုက် ချထားဆောင်ရွက်ပေးနေမှု၊ Container House များ ရောက်ရှိ ဖြန့်ခွဲဆောင်ရွက်ပေးနေမှု၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာနအလိုက် ဝန်ထမ်းများ နေထိုင်နိုင်ရန် ယာယီဘာရှာ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ထပ်မံ လိုအပ်မှု အခြေအနေများ၊ ယာယီနေထိုင်နိုင်မည့် Container House နှင့် ယာယီရုံးခန်းများအဖြစ် အသုံးပြုမည့် Container Office များရရှိ၍ ဝန်ကြီးဌာနပိုင် မြေနေရာများ၌ နေရာချထား ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယ ဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်