သဘာဝဘေးအန္တရာယ်ကို သတိမူကြိုတင်ပြင်ဆင်ကာကွယ်

ဧပြီ ၆၊ ၂၀၂၂

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့လျက်ရှိသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်ကို သိကြပြီးဖြစ်သည်။ ယမန်နေ့ကလည်း မထင်မှတ်ဘဲ မိုးသက်လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။

ယခုအချိန်အခါတွင် ပြည်သူများကြား၌ ကောလာဟလအမျိုးမျိုး ပေါ်ထွက်လေ့ရှိရာ သဘာဝဘေးနှင့်ပတ်သက်သည့် ကောလာဟလသတင်းမှားများကို မယုံစားဘဲ မိုးလေဝသနှင့်ဇလဗေဒဌာနမှ တရားဝင်ထုတ်ပြန်သောသတင်းများကိုသာ သိရှိမှတ်သား လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးလိုပါသည်။ သဘာဝဘေးအမျိုးမျိုးတို့တွင် ကြိုတင်ခန့်မှန်းနိုင်သော အမျိုးအစားများရှိသလို မခန့်မှန်းနိုင်သော သဘောမျိုးလည်း ရှိတတ်သည်ကို သတိမူရမည်ဖြစ်သည်။ မည်သို့ပင် ရှိသည်ဖြစ်စေ မိုးလေဝသသတင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို သတိပြုအလေးထားပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် မတ်လအတွင်းဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော် မုန်တိုင်းရာဇဝင်သမိုင်း၌ တစ်မူထူးခြားသော မုန်တိုင်းငယ်ဖြစ်သည်ဟု ဆိုပါသည်။ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားလေ့မရှိသော သဘောသဘာဝနှင့် မုန်တိုင်းအဖြစ် နည်းသောဧရိယာဖြစ်သည့် ကပ္ပလီပင်လယ်ပြင်တွင် အစပျိုးဖြစ်ပွားခဲ့ခြင်းသည် ထူးခြားမှုဟုဆိုပါသည်။ မုန်တိုင်းစတင်အစပျိုးချိန်တွင် ကပ္ပလီပင်လယ်ပြင်၌ မတ်လ ပျမ်းမျှအပူချိန်ထက် ပိုပူနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မတ်လ ပျမ်းမျှအပူချိန်အောက် လျော့နည်းနေသဖြင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေ ပိုများခဲ့ပါသည်။ ယခုနှစ် မတ်လနှင့် ဧပြီလတွင် ပင်လယ်ရေပြင်၊ မြေပြင် တို့တွင် အပူချိန်ပိုများနေသည်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ဖြစ်သည်။

ထို့ကြောင့် ယခုရာသီကာလများတွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်မှုနှင့် မုန်တိုင်းမဖြစ်လျှင်လည်း မိုးသက်လေပြင်း တိုက်ခတ်မှုများနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မုန်တိုင်းအန္တရာယ် ကျရောက်လာမည်ဆိုပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများသည် အလွန်အရေးပါလှပါသည်။ အများပြည်သူတို့အနေဖြင့် ယခုကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းအမျိုးမျိုး ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရမည်ဖြစ်သည်။ မုန်တိုင်းဖြစ်ပေါ်သည်နှင့် မုန်တိုင်းအခြေအနေ သတင်းများကို နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မိုးလေဝသနှင့်ဇလဗေဒဌာနမှ အသိပေးထုတ်ပြန်ချက်များကို မျက်ခြည်မပြတ် ဂရုစိုက်နားထောင် မှတ်သားရန် လိုအပ်ပါသည်။ အခြားတရားမဝင်ထုတ်ပြန်သော မုန်တိုင်းသတင်းများကို မယုံကြည်ရန်၊ သတင်းစကားမပါးကြရန် လိုအပ်ပါသည်။

မိမိဒေသတွင် မုန်တိုင်းဒဏ်ခံနိုင်သောနေရာ၊ အဆောက်အအုံများကို ကြိုတင်ရွေးချယ်ထားဖို့ လိုပါသည်။ မုန်တိုင်းကျရောက်တော့မည်ဆိုပါက လိုအပ်သော သောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည် စသည့်ပစ္စည်းများကို ကြိုတင်ပို့ဆောင် စုဆောင်းထားရန်လိုပါသည်။ မုန်တိုင်းဗဟိုချက်မှ ဖြတ်သန်းသွားပြီးနောက် နာရီဝက်အတွင်း ပိုမိုပြင်းထန်သော လေတိုက်ခတ်တတ်သည်ကို သတိပြုဖို့လိုပါသည်။ ယခုအခါ ရာသီဥတု ပြောင်းလဲလာမှုကြောင့် အချို့သော မုန်တိုင်းကြီးများသည် ရာစုနှစ်တစ်ခုအတွင်း ထူးထူးခြားခြား ဖြစ်ပေါ်လာတတ်သည်ကို သတိပြုဖို့လိုပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နေထိုင်ရာဒေသများတွင် မိမိတို့ဘဝသက်တမ်းတစ်လျှောက်၌ ကြီးမားသော မုန်တိုင်းအန္တရာယ်ကို မကြုံတွေ့ခဲ့ဖူး၍ မုန်တိုင်းကို သတိမမူ ပေါ့ပေါ့ဆဆ မနေထိုင်ကြဘဲ သက်ဆိုင်ရာမှ သတိပေးချက်များကို အလေးထားဖို့လိုပါသည်။

မုန်တိုင်းတစ်ခု၏ အဖျက်စွမ်းအား အကြီးမားဆုံးအပိုင်းသည် မုန်တိုင်းဦးတည်ရာသို့ မျက်နှာမူပါက မုန်တိုင်းဗဟိုချက်၏ လက်ယာဘက်ဖြစ်ရာ မုန်တိုင်းဒီရေသည်လည်း ဗဟိုချက်၏ လက်ယာဘက်မှသာ ဖြစ်ပေါ်လေ့ရှိသည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် လပြည့် လကွယ် ရေထရက်များတွင် မုန်တိုင်းဝင်ရောက်ပါက မုန်တိုင်းဒီရေ အမြင့်ဆုံးဖြစ်တတ်သည်ကို အထူးသတိပြုရမည် ဖြစ်သည်။ မုန်တိုင်းဝင်ရောက်သည့် ဒေသသည် ရေတိမ်ဒေသ၊ ပင်လယ်အော်အဝဘက်၊ ရေထချိန်၊ လူနေထူထပ်မှု၊ ကမ်းရိုးတန်းကို ထောင့်မှန်ကျဝင်ရောက်မှု၊ မြစ်လက်တက်များသည့်ဒေသ စသည့်အချက်များနှင့် ကိုက်ညီလျှင် အသေအပျောက်၊ အပျက်အစီး ပိုမိုများပြားနိုင်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုရောက်ရှိနေသည့် ဧပြီ၊ မေလများသည် မြန်မာနိုင်ငံအတွက် မုန်တိုင်းရာသီ ဖြစ်ပေါ်နေသဖြင့် မုန်တိုင်းကျရောက်ရာလမ်းကြောင်း၊ ကမ်းရိုးတန်းဒေသများ၊ မြစ်ချောင်း မြစ်လက်တက်ဒေသများ၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် မုန်တိုင်းသတင်း အချက်အလက်များကို ရေဒီယိုဖြင့် အမြဲနားထောင် မှတ်သား၍ ကြိုတင်ပြင်ဆင် ကာကွယ်ထားခြင်းသည် ဘေးထိခိုက်မှုအနည်းဆုံး ဖြစ်နိုင်ပါကြောင်း။     ။

ကြေးမုံ