သဘာဝဘေးအန္တရာယ်သတိပြု ကြိုတင်ပြင်ဆင်ကာကွယ်

 

အောင်ထက်လင်း (ကြိမ်ချောင်း )

 

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်း လဲခြင်း ကို ရင်ဆိုင်နေကြရရာ မြန်မာနိုင်ငံသည်လည်း အပါအဝင် ဖြစ်သည်။ မုတ်သုံအဝင်နောက်ကျခြင်း ၊ မုတ်သုံ အထွက်စောခြင်း စသည့်ပြောင်း လဲမှုများကြောင့် မုတ်သုံကာလရက်ပေါင်း ၂၁ ရက်ခန့် တိုတောင်း လာသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိက ထားသော လူမှုစီးပွားဘဝကိုမြှင့်တင်လျက်ရှိရာ မုတ်သုံကာလတိုတောင်း မှုသည် မုတ်သုံမိုးကို မှီခို နေရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်အခဲ ဖြစ်စေသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ မုတ်သုံကာလအတွင်း မိုးသည်းထန် စွာရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးများတွင် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်မှာ ရာသီဥတု ပြောင်း လဲခြင်း ၏ ထင်ရှားသောသာဓကဖြစ်သည်။

 

လွန်ခဲ့သောနှစ်ပေါင်း ၁၃၀

 

မြန်မာနိုင်ငံသည် မုန်တိုင်း အန္တရာယ်အနည်းဆုံး နိုင်ငံဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်တိုင်း လည်း မြန်မာနိုင်ငံတွင် အန္တရာယ်မရှိ ကြောင်း သိရသည်။ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်မှုကို လေ့လာရာတွင် မိုးကြို ကာလဖြစ်သည့် ဧပြီလနှင့် မေလတို့ထက် မိုးလွန် ကာလဖြစ်သည့် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် မိုးကြိုကာလနှင့် မိုးလွန် ကာလများကို မုန်တိုင်း ရာသီအဖြစ် သတ်မှတ် ထားခြင်း ဖြစ်သည်။ မုတ်သုံကာလအတွင်း မုန်တိုင်း ဖြစ်ခဲ့လျှင် မုတ်သုံအင်အားကောင်း စေကာ မိုးပိုမိုရရှိစေပါသည်။ ဖြစ်ပွားသည့်မုန်တိုင်းသည် မြန်မာ့ ကမ်းရိုးတန်းကို တည့်တည့်မတ်မတ်ဖြတ်ပြီဆိုလျှင် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ရာသီဥတု ပြောင်း လဲမှုများကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပွားမှုများမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလျက်ရှိကြောင်း သိရသည်။ မုန်တိုင်းအကြိမ်ရေ နည်းသွားသော်လည်း မုန်တိုင်းဖြစ်ပွားပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီ ဆိုလျှင်လည်း အင်အားကြီးမုန်တိုင်းများအဖြစ်သို့ ရောက်ရှိတတ်သည်။ မုန်တိုင်း ဖြစ်ပေါ်မှုသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ အတွင်း တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိသော မတ်လ အတွင်း ဖြစ်ပေါ်ခဲ့ခြင်း ၊ မုန်တိုင်း အဖြစ်နည်းသော ဧရိယာဖြစ်သည့် ကပ္ပလီပင်လယ်ပြင်တွင် အစပျိုး ဖြစ်ပွားခဲ့သည်။

 

မုန်တိုင်း ဖြစ်ပေါ်မှု သတင်းနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေး လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင် ပြင်ဆင်မှုများစွာအချိန်ရရှိခဲ့သည်။ ကမ္ဘာ့ရာသီဥတု ပြောင်း လဲမှုများသည် ၂၁ ရာစုအစပိုင်း မှစတင်ကာ သိသိသာသာ ထင်ရှားလာခဲ့သည်။ ရာသီဥတုပုံမှန် မဟုတ်ဘဲ ပြောင်း လဲဖောက်ပြန်မှုတွင် အပူလှိုင်းများ ကျရောက်ခြင်း ၊ မုန်တိုင်း တိုက်ခတ်ခြင်း ၊ ရေကြီးခြင်း ၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်ကျရောက် မှုများမှာ ပြင်းထန်လာပြီး ဖြစ်ပေါ်မှုအကြိမ် အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများစွာ တို့တွင် ထိခိုက်ခံစားနေကြရသည့်အနက် သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေ မြင့်မားသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပူပြင်း ခြောက်သွေ့ သော မိုးကြိုကာလဖြစ်ပြီး မကြာမီရာသီအကူး အပြောင်း နှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကိုလည်း ကြိုတင်သတိထားကြ ရမည်ဖြစ်သည်။

 

သမိုင်း ဝင်သည့်သဘာဝဘေးအန္တရာယ်ကြီး

 

ကမ္ဘာကြီးအပူချိန်တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုများက မြန်မာနိုင်ငံကိုလည်း သက်ရောက်စေခဲ့ရာ မိုးလေဝသမှတ်တမ်းများအရ ၁၉၇၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် နွေရာသီအပူချိန်များ သိသာစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အပူချိန်က ပင်လယ်သမုဒ္ဒရာရေပြင်များနှင့် ကုန်းမြေတို့အပေါ်တွင် လည်း သက်ရောက်စေသည့်အတွက် မုန်တိုင်းများ ဖြစ်ပေါ်စေနိုင်သည့် အခြေခံအကြောင်း တရားဖြစ်ရာ မိုးကြိုကာလမုန်တိုင်း အန္တရာယ်ကို သတိရှိနေရမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ဝင်ရောက် တိုက်ခတ်သွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြီးသည် ဧပြီလ ၂၈ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သန္ဓေတည်ခဲ့ပြီး မေလ ၁ ရက်နေ့တွင် ဧရာမမုန်တိုင်း ကြီးအဖြစ် ရောက်ရှိသွားကာ မေလ ၂ ရက်နေ့တွင် လေတိုက် နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၁၀ နှုန်းဖြင့် ကုန်းမြေဆီသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြီးကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည့်အပြင် နောက်ဆက်တွဲ လူမှုဒုက္ခများစွာတို့မှာ မကြုံစဖူးကြီးမားခဲ့သည်။ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ထရီလီယံ ၁၁ ဒသမ ၇ အထိရှိခဲ့ရာ သမိုင်း ဝင်သည့် သဘာဝဘေးအန္တရာယ် ကြီးဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် လေမုန်တိုင်း တိုက်ခတ်မှု၊ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် ရုတ်တရက်ရေကြီး ခြင်း ၊ တောင်ကျရေကျဆင်း ခြင်း ၊ မြေပြိုခြင်း ၊ မြစ်ရေ ကြီးခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရာသီအလိုက် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များအဖြစ် ကြိုတင်ပြင်ဆင် ကာ ဘေးအန္တရာယ်လျော့ပါးသက်သာရေးအတွက် အစိုးရက စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည် ဖြစ်သည်။ ရာသီဥတုပြောင်း လဲမှုကြောင့် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်းသဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်တစ်မျိုးမဟုတ် တစ်မျိုး ကြုံတွေ့လျက်ရှိသည်။ ကြိုတင်ခန့်မှန်း နိုင်သော အမျိုးအစားများရှိသလို မခန့်မှန်းနိုင်သော သဘောမျိုးလည်းရှိတတ်သည်ကို သတိမူရမည် ဖြစ်သည်။ မိုးလေဝသသတင်းများနှင့် သဘာဝ ပတ်ဝန်းကျင်ကို သတိပြုအလေးထားပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းသည်သာ အကောင်း ဆုံး ဖြစ်သည်။

 

မိုးလေဝသသတင်း အချက်အလက်များ

 

အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံတွင်ဆိုလျှင် မုတ်သုံမိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများကြောင့် လူသန်းနှင့်ချီ၍ ရေဘေးရှောင်ကြရပြီး နောက်ထပ် သန်းပေါင်းများစွာတို့မှာလည်း ရေဘေးအန္တရာယ် ခြိမ်းခြောက်မှုကို ခံနေရခြင်းနှင့် ရေဘေးကြောင့် လူ့အသက်ဆုံးရှုံးမှုတို့ဖြစ်ပေါ်နေကြောင်း သတင်းများတွင် တွေ့ရှိရသည်။ မိုးကြီးသည့် ရာသီဥတု ဖြစ်စဉ်သည် မြစ်ချောင်းများတွင် ရေကြီးရေလျှံခြင်း ၊ တောင်ကျရေကျဆင်း ပြီး ဒေသအချို့တွင် ရုတ်တရက် ရေကြီးခြင်း ၊ တောင်ပြို၊ မြေပြိုခြင်း ၊ မြစ်ကမ်းပါးများ ပြိုခြင်း ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ဖြစ်ပေါ်စေသည့် မြန်မာနိုင်ငံသည် ပထဝီ အနေအထား၊ မြေပြင်အနေအထားတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် အလား အလာ မြင့်မားသည့်နိုင်ငံဖြစ်သည်။ နှစ်စဉ် မုတ်သုံ မိုးနှင့်အတူ မြစ်ရေမြင့်တက်မှုမှာ ပုံမှန်ဖြစ်စဉ် ဖြစ်သော်လည်း လာနီညာသက်ရောက်မှုကြောင့် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး မိုးရွာသွန်းမှုပိုမိုနိုင်ခြင်းကြောင့် ရေကြီးသည့်အန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိသည်။ မိုးကြိုမိုးနှောင်း ကာလများသည် ရာသီအပြောင်း အလဲများနှင့်အတူ မိုးလေ ဝသဖြစ်စဉ်များ ထူးထူးခြားခြား ဖြစ်ပေါ်လေ့ရှိသည့် ကာလများဖြစ်သည့်အလျောက် ပင်လယ်ပြင်နှင့် မြစ်ချောင်းများတွင် ရေယာဉ်များဖြင့် သွားလာရာ တွင်လည်းကောင်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ကိုင်ရာတွင်လည်းကောင်း မီဒီယာအမျိုးမျိုးမှတစ်ဆင့် အသိပေးထုတ်ပြန်ကြေညာလျက်ရှိသည့် မိုးလေဝသ သတင်း အချက်အလက်များကို ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်သည်။

 

မုန်တိုင်း ဝင်ရောက်ပါက မုန်တိုင်း ဒီရေအမြင့် ဆုံးဖြစ်တတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။ မုန်တိုင်း ဝင်ရောက်သည့်ဒေသသည် ရေတိမ်ဒေသ၊ ပင်လယ်အော်အဝဘက်၊ ရေထချိန်၊ လူနေထူထပ်မှု၊ ကမ်းရိုးတန်းကို ထောင့်မှန်ကျဝင်ရောက်မှု၊ မြစ်လက်တက်များသည့်ဒေသ စသည့်အချက်များ နှင့်ကိုက်ညီလျှင် အသေအပျောက်၊ အပျက်အစီး ပိုမိုများပြားနိုင်သည်ကို အထူးသတိပြုရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် မုန်တိုင်း သတင်း ၊ မုန်တိုင်း သတိပေးချက်များကို နိုင်ငံ၏ တရားဝင် ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့ မိုးလေဝသအဖွဲ့က အသိအမှတ်ပြုထားသော မိုးလေဝသအထူးဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကိုသာ ယုံကြည်စွာ စောင့်ကြည့်ရမည်ဖြစ်သည်။

 

ရာစုနှစ်တစ်ခုအတွင်း ထူးထူးခြားခြားဖြစ်ပေါ်

 

မုန်တိုင်း ဖြစ်ပေါ်သည်နှင့် မုန်တိုင်း အခြေအနေသတင်းများကို နိုင်ငံပိုင်သတင်း စာ၊ ရေဒီယို၊ ရုပ်မြင် သံကြားနှင့် မိုးလေဝသနှင့်ဇလဗေဒဌာနမှအသိပေး ထုတ်ပြန်ချက်များကို မျက်ခြည်မပြတ်ဂရုစိုက် နားထောင်မှတ်သားရန် လိုအပ်သည်။ မုန်တိုင်း ဒဏ်ခံနိုင်သောနေရာ၊ အဆောက်အအုံများကို ကြိုတင်ရွေးချယ်ထားဖို့လိုသည်။ မုန်တိုင်း ကျရောက် တော့မည်ဆိုပါက လိုအပ်သော သောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည်စသည့် ပစ္စည်းများကို ကြိုတင်ပို့ဆောင် စုဆောင်း ထားရန်လိုသည်။ မုန်တိုင်း ဗဟိုချက်မှ ဖြတ်သန်းသွားပြီးနောက် နာရီဝက်အတွင်း ပိုမိုပြင်း ထန်သောလေတိုက်ခတ် တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ရာသီဥတု ပြောင်း လဲမှုကြောင့် အချို့သော မုန်တိုင်း ကြီးများသည် ရာစုနှစ်တစ်ခုအတွင်း ထူးထူးခြားခြား ဖြစ်ပေါ်လာတတ်သည်ကို သတိပြုဖို့လိုသည်။ ပြည်သူများအနေဖြင့် နေထိုင်ရာဒေသများတွင် မိမိတို့ဘဝသက်တမ်းတစ်လျှောက်၌ ကြီးမားသော မုန်တိုင်း အန္တရာယ်ကို မကြုံတွေ့ခဲ့ဖူး၍ မုန်တိုင်း ကို ပေါ့ပေါ့ဆဆမနေထိုင်ကြဘဲ သက်ဆိုင်ရာမှ သတိပေး ချက်များကို ဂရုပြုလိုက်နာရမည်ဖြစ်သည်။

 

မုန်တိုင်း အန္တရာယ်ကျရောက်ပါက ကြိုတင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများသည်များစွာ အရေးပါသည်။ အသိနှင့်သတိကိုထားရှိကာ ကြိုတင် သတိပေးချက်များအတိုင်း လိုက်နာဆောင်ရွက်ကြ ပါရန်နှင့် သဘာဝဘေးအန္တရာယ်တစ်ရပ် ရိုက်ခတ် ပြီးနောက်ပိုင်း ထိခိုက်ခံစားခဲ့ရသော လူ့အသိုင်းအဝိုင်း အသီးသီးတို့ ပုံမှန်ဘဝသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အမြော်အမြင်ရှိသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ မရှိမဖြစ်လိုပါ ကြောင်း ရေးသားလိုက်ရပါသည်။ ။