သဘာဝဘေးလား...လူဖန်တီးတဲ့ဘေးအန္တရာယ်လား

၁၉ စက်တင်ဘာ

 

ကမ္ဘာအရပ်ရပ်တွင် နေ့စဉ်နှင့်အမျှ ဘေးအန္တရာယ်အမျိုးမျိုးကို ကြုံတွေ့နေကြရလျက်ရှိသည်။ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ လေပြင်းတိုက်ခတ်မှုဘေး၊ မြေငလျင်ဘေး၊ မြေပြိုမှုဘေး စသော ဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် သန်းနှင့်ချီသော ကမ္ဘာ့ပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးကြရခြင်း၊ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခြင်း၊ အဆောက်အအုံများ ပြိုလဲပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရောဂါဝေဒနာများ ခံစားရခြင်း၊ လူ့အသက်သေဆုံးရခြင်း၊ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများပျက်စီးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း၊ ပညာရေးအတွက် အခက်အခဲဖြစ်ပေါ် ခြင်းစသော လူမှုဒုက္ခဆိုးကြီးများကို ခံစားကြရကာ ဘဝဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အကျပ်အတည်းများကို ဖြစ်ပေါ်လာစေသည်။

 

Disaster ဟူသော ဘေးအန္တရာယ်ကို သုံးမျိုးခွဲခြားကာ ရှုမြင်သုံးသပ်ကြရန် လိုအပ်သည်။ ပထမတစ်မျိုးမှာ သဘာဝ ယန္တရားကြီး စဉ်ဆက်မပြတ် လည်ပတ်နေမှုကြောင့် ဖြစ်ပေါ်ရသော သဘာဝဘေးအန္တရာယ် (Natural Disaster) ဖြစ်ပြီး၊ ဒုတိယတစ်မျိုးက လူ ပယောဂကြောင့် ဖြစ်ပေါ်ရသော လူဖန်တီးသည့် ဘေးအန္တရာယ် (Man-made Disaster) ဖြစ်သည်။ တတိယတစ်မျိုးကမူ လူ့ပယောဂကို အခြေခံလျက် သဘာဝယန္တရား၏ လည်ပတ်မှုကြောင့် ဖြစ်ပေါ်ရသော အန္တရာယ် (Disaster Caused by Human Involvem ent) ပင် ဖြစ်သည်။

 

Natural Disaster ခေါ် သဘာဝဘေးအန္တရာယ်များမှာ ကမ္ဘာဦးကတည်းက ရှိခဲ့သော ဘေးအန္တရာယ် များဖြစ်ကြပြီး၊ အဆိုပါဘေးအန္တရာယ်မျိုး ဖြစ်ပေါ်လာစေရန်အတွက် လူတို့က ပါဝင် ပတ်သက်ခြင်းသော်လည်းကောင်း၊ ပါဝင်ပတ်သက်နိုင်သည့် အခြေအနေပေးခြင်းသော်လည်းကောင်း မရှိနိုင်ပေ။ သာဓကအားဖြင့် ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသည်တို့မှာ သဘာဝဘေးအန္တရာယ် စစ်စစ်များပင် ဖြစ်ကြသည်။ Man-made Disaster ခေါ် လူဖန်တီးသည့် ဘေးအန္တရာယ်များမှာ လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကားလာပြီးသည့် နောက်ပိုင်းကာလများမှ အစပြု ကာ ဖြစ်ပွားပေါ်ပေါက်လာသော ဘေးအန္တရာယ်များ ဖြစ်ကြသည်။ မီးလောင်ခြင်း၊ တံတားကျိုးခြင်း၊ အဆောက်အအုံပြိုကျခြင်း၊ ဆည်ကျိုးပေါက်ခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုအဆိပ်သင့်ခြင်း စသည်တို့မှာ လူဖန်တီးသောဘေးအ္တရာယ်များ ဖြစ်ကြသည်။

 

တတိယတစ်မျိုးဖြစ်သည့် လူ့ပယောဂကို အခြေခံသော ဘေးအန္တရာယ် (Disaster Caused by Human Involvement)  မျိုးကမူ လူသားတို့၏ အကျိုးစီးပွားရလိုမှုများကြောင့် တီထွင်ဖန်တီး ပြုပြင်ချဲ့ထွင်ရာမှ ဆက်စပ်ဖြစ်ပေါ်ရသော ဘေးအန္တရာယ်များပင် ဖြစ်ကြသည်။ သာဓကအားဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ကမ္ဘာကြီးက ပိုမိုပူနွေးလာခြင်း၊ အစွန်းရောက် ရာသီဥတုများ ဖြစ်ပေါ်ခြင်း၊ မိုးလေဝသအခြေအနေ ကစဉ့်ကလျားဖြစ်ပေါ်ခြင်း၊ ကာလရှည် မိုးခေါင်ခြင်း၊ ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှုဖြစ်ခြင်း စသည်တို့ပင် ဖြစ်ကြသည်။

 

ဤနေရာတွင် မုန်တိုင်းဖြစ်ပေါ်တိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းစသည့် ဖြစ်ရပ်များမှာ သဘာဝယန္တရားကြီး စဉ်ဆက်မပြတ် လည်ပတ်မှုကြောင့်လည်း ဖြစ်ပေါ်လာနိုင်သလို၊ လူ့ပယောဂများ ကြောင့်လည်း ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ ဖြစ်ကြသည်။ အဆိုပါ ဘေးအန္တရာယ်များမှာ သာမန်အားဖြင့် သဘာဝဘေးအန္တရာယ်များပင် ဖြစ်ကြသော်လည်း စက်မှုတိုးတက်ထွန်းကားလာခြင်း၊ ကာဗွန်ထုတ်လွှတ်မှု အဆမတန် မြင့်မားလာခြင်း၊ သစ်ပင်သစ်တောပြုန်းတီးခြင်း၊ မြေနေရာချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ကျောက်မိုင်းခွဲခြင်း စသည်တို့ကြောင့်လည်း ပိုမိုတိုးတက် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်ဆိုးကြီးများ ဖြစ်ကြသည်။ သာဓကတစ်ခုကို ပြဆိုပါမည်။

 

မုန်တိုင်းတစ်ခု ဖြစ်ပေါ်တိုက်ခတ်နိုင်ရန်အတွက် အခြေခံအကြောင်းရင်း သုံးခုပေါ်၌ တည်မှီလျက် ရှိနေသည်။ ပထမတစ်ခုအနေဖြင့် လူအများ ကြားဖူးနားဝရှိနေကြသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဖြစ်တည်နေရ မည်ဖြစ်သည်။ ဒုတိယတစ်ခုက လေဖိအားနည်းရပ်ဝန်း တည်ရှိရာ ပင်လယ်ရေမျက်နှာပြင်၏ အပူချိန်မှာ ပုံမှန်ထက် မြင့်တက်နေရမည်ဖြစ်ပြီး၊ တတိယအနေဖြင့် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ရာ ပင်လယ်ရေမျက်နှာပြင်ရှိ ပင်လယ်ရေများ၏ အချဉ်ပေါက်နှုန်းကလည်း မြင့်မားနေရမည်ဖြစ်သည်။

 

ကမ္ဘာက မိမိဝင်ရိုးပေါ်၌ ၂၃ ဒီဂရီတိမ်းစောင်းရင်း တစ်ရက်လျှင်တစ်ပတ်ကျ လည်ပတ်နေသော ဖြစ်စဉ်နှင့် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၆၅ ရက်လျှင်တစ်ပတ်ကျ နေကိုလှည့်ပတ်နေသော ဖြစ်စဉ်တို့ကြောင့် ကမ္ဘာပေါ်၌ လေများလှည့်ပတ် တိုက်ခတ်သည့်ဖြစ်စဉ် ပေါ်ပေါက်လာရသည်။ ထိုဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) နှင့် လေဖိအားများရပ်ဝန်း (High Pressure Area) များက ကမ္ဘာ့ဒေသအနှံ့တွင် ဖြစ်တည်လာရသည်။ ကမ္ဘာ့ပင်လယ်ပြင်များ၌ ဖြစ်ပေါ်လေ့ရှိသော လေဖိအားနည်းရပ်ဝန်းသည် သဘာဝဖြစ်စဉ်တစ်ရပ်သာလျှင် ဖြစ်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေသော ပင်လယ်ရေပြင်၏ အပူချိန်က ပုံမှန်ထက်မြင့်တက်နေခြင်းနှင့် ပင်လယ်ရေ အချဉ်ပေါက်နှုန်း မြင့်မားနေခြင်းတို့ကမူ လူတို့၏ ပယောဂကြောင့် ဆက်စပ်ဖြစ်ပေါ်လာသော အကျိုးဆက်များပင် ဖြစ်ကြသည်။

 

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လွန်ကဲနေခြင်းသည် ကမ္ဘာ့မြေပြင်နှင့်ရေပြင်တို့၏ အပူချိန်ကို ပုံမှန်ထက် ပိုမိုမြင့်တက်စေသလို၊ ကမ္ဘာပေါ်၌ ထုတ်လွှတ်သမျှသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို သစ်ပင်တို့နည်းတူ ပင်လယ်နှင့်သမုဒ္ဒရာ ရေများကလည်း စဉ်ဆက်မပြတ် စုပ်ယူကြရသဖြင့် ပင်လယ်ရေ အချဉ်ပေါက်နှုန်းကလည်း တစ်စတစ်စပို၍ မြင့်တက်လာရသည်။ ထို့ကြောင့်ပင် မုန်တိုင်းဖြစ်ပေါ်တိုက်ခတ်ခြင်းမှာ အခြေခံအားဖြင့် သဘာဝဘေးအန္တရာယ်တစ်ရပ် ဖြစ်သော်လည်း လူတို့၏ ပယောဂကြောင့် မျက်မှောက်ကာလ၌ မုန်တိုင်းဖြစ်ပေါ်မှုအကြိမ်ရေ ပို၍စိပ်လာကာ ဘေးအန္တရာယ် ကြုံတွေ့ရမှုနှင့် လူ့အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ ပို၍ ဖြစ်ပွားလာရခြင်း ဖြစ်သည်။

 

အလားတူပင် မြေပြိုခြင်းနှင့်တောင်ပြိုခြင်းများကလည်း သဘာဝအလျောက် ဘူမိမြေလွှာလှုပ်ရှား တွန်းကန်မှုနှင့် မြေလွှာအောက်ရှိ ရေစီးကြောင်းများကြောင့် ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည့်တိုင် လူ့ပယောဂများကြောင့်လည်း ဖြစ်ပေါ်နိုင်သော ဘေးဆိုးကြီးများ ဖြစ်ကြသည်။ မြေတူးခြင်း၊ သတ္တုတူးဖော်ခြင်း၊ အဖိုးတန် ကျောက်မျက်ရတနာများ တူးဖော်ခြင်း၊ ကျောက်မိုင်းခွဲခြင်း၊ မြေနေရာချဲ့ထွင်ခြင်း၊ လမ်းခင်းရန်အလို့ငှာ တောင်စောင်းကိုဖြိုပြီး မြေနှင့်ကျောက်များကို သယ်ယူရွှေ့ပြောင်းခြင်း၊ တောင်ပေါ်စိုက်ခင်းအတွက် တောင်ထိပ်ရေကန်နှင့် ရေအိုင်များကို ဖန်တီးခြင်း၊ တောင်ထိပ်ရှိ သဘာဝပေါက်ပင်များကို ဖယ်ရှားရှင်းလင်းကာ တောင်ပေါ်စိုက်ခင်းသစ် ထူထောင်ခြင်း၊ တောင်ကမ်းပါးယံများ၌ ရေတံခွန်အတုများ ဖန်တီးခြင်းနှင့် စိမ့်စမ်းရေထွက်ပေါက်များ ဖန်တီးပြုလုပ်ခြင်း၊ နှစ်ရှည်သစ်ပင်ကြီးများကို ခုတ်လှဲဖြိုဖျက်ခြင်း၊ မြေထိန်းနံရံများကို စနစ်တကျ စီမံပြုလုပ်မှုမရှိဘဲ တောင်စောင်းနှင့် ကမ်းပါးယံများတွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် တာဝါတိုင်များ စိုက်ထူခြင်းစသော လူ့ပယောဂများသည် မြေပြိုမှု၊ တောင်ပြိုမှု၊ တောင်စောင်းပြိုကျမှု၊ ကမ်းပါးယံပြိုကျမှုများကို ဖြစ်ပေါ် လာစေနိုင်သည်ကို သတိပြုကြရမည် ဖြစ်သည်။

 

အလားတူပင် ပုံမှန်မဟုတ်သော ရေကြီးရေလျှံဖြစ်ခြင်းများကလည်း လူ့ပယောဂနှင့် မကင်းသောကြောင့်ပင် ဖြစ်သည်။ ဒေသတစ်ခု၌ ရေကြီးရေလျှံဖြစ်ရခြင်းမှာ ရွာချသော မိုးရေထု၊ ရေဝေရေလဲဒေသများမှ ကျဆင်းလာသောရေထု၊ တောင်ပေါ်နှင့် ချောင်းဖျားမြစ်ဖျားတို့မှ ကျရောက်စီးဆင်းလာသော ရေထုပမာဏသည် အဆိုပါ ဒေသအတွင်း၌ စီးဆင်းနေသော ချောင်းငယ်မြောင်းငယ်များနှင့် မြစ်ကြီး မြစ်ငယ်တို့က လက်ခံနိုင်သော ရေပမာဏထက် ပို၍များပြား နေခြင်းနှင့် အလျဉ်မီအောင် စီးဆင်းနိုင်မှုမရှိခြင်းများကြောင့်ပင် ဖြစ်သည်။

 

သစ်ပင်သစ်တောများ ပြုန်းတီးခြင်၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ရေစီးလမ်းကြောင်းကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝပိတ်ဆို့ပြီး အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်း၊ ချောင်းကမ်းပါးယံနှင့် မြစ်ကမ်းပါးယံများအပေါ်၌ သို့တည်းမဟုတ် ရေဝေ ဧရိယာများ၌ မြေစာများစုပုံခြင်း၊ မြစ်အတွင်း၌ ရေထွက် ပစ္စည်း မွေးမြူထုတ်လုပ်ခြင်း၊ မြစ်ကမ်းနံဘေး၌ စက်ရုံနှင့် လူနေအိမ်များ ဆောက်လုပ်ခြင်းစသော လူ့ပယောဂများကြောင့် မြစ်ရေချောင်းရေတိမ်မှုများကို ဖြစ်ပေါ်လာစေပြီး မြစ်နှင့်ချောင်းများအတွင်း၌ လက်ခံနိုင်သောရေပမာဏကိုများစွာ လျော့ကျသွားစေသည်။ မြစ်ချောင်းများ၏ ရေလက်ခံနိုင်မှု ပမာဏ လျော့နည်းသွားခြင်းသည် မိုးရာသီကာလများ၌ မြစ်ရေချောင်းရေလျှံတက်မှုကို လွယ်လင့်တကူ ဖြစ်ပေါ်စေပြီး ဒေသအတွင်း၌ ရေကြီးရေလျှံမှုများကို ကြုံတွေ့ရစေသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံအတွင်း၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရမှုများ လျော့ပါးသက်သာစေရေးတို့အတွက် ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်နိုင်စေရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်/ တိုင်းဒေသကြီး ဝန်ကြီးချုပ် များက အဖွဲ့ဝင်များအဖြစ် ပါဝင်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော အဆိုပါ ကော်မတီ၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်အား ဖြည့်ထောက်ကူပေးနိုင်ရန်အတွက် အကြံပေးပညာရှင်များအဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

 

အဆိုပါ အကြံပေးပညာရှင်များထဲတွင် ဘေးအန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်ရေးပညာရှင် (Professional Analyst for Disaster) ဖြစ်သော မိမိသည်လည်း တစ်ဦး အပါအဝင်ဖြစ်သည့် အားလျော်စွာ ပင်မကော်မတီ၏ အစည်းအဝေးနှင့် အကြံပေးပညာရှင်အဖွဲ့ အစည်းအဝေးများတွင် ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များကို အကြံပြုတင်ပြခြင်း၊ ပြည်နယ်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကွင်းဆင်း စစ်ဆေးကြည့်ရှုကာ လေ့လာတွေ့ရှိသုံးသပ်ချက်နှင့် အကြံပြုချက်များကို ပင်မကော်မတီသို့ တင်ပြခြင်းနှင့် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့သို့ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း၌ တောင်ပြိုမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် နေရာများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်ကို တင်ပြရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက တာဝန် ပေးအပ်ချက်အရ ဩဂုတ်လ ၂၇ ရက်မှ ၃၁ ရက်အထိ မွန်ပြည်နယ်၊ မော်လမြိုင်သို့လည်းကောင်း၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နှင့်ကျွဲခြံ ကျေးရွာများသို့လည်းကောင်း ဦးဆောင်သွား ရောက်ခဲ့သည်။ မိမိနှင့်အတူ အကြံပေးပညာရှင်များဖြစ်ကြသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုပညာရှင် ဒေါက်တာစိုးလွင်ငြိမ်း၊ ဆည်မြောင်းပညာရှင် ဦးဗစ်တာနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုပညာရှင် ဦးရဲထွေးတို့ သုံးဦးလည်း အတူလိုက်ပါလာခဲ့ကြသည်။

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ စတင်ရောက်ရှိသည့် ဩဂုတ်လ ၂၇ ရက်၊ ညနေ ၄ နာရီခွဲ၌ ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ အကြံပေးပညာရှင်များနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံကာ ကွင်းဆင်းစစ်ဆေးကြည့်ရှုမည့် အစီအစဉ်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ နောက်တစ်ရက်ဖြစ်သော ဩဂုတ် လ ၂၈ ရက်၊ နံနက် ၈ နာရီခွဲမှ စတင်ကာ မိမိနှင့်တကွ အကြံပေး ပညာရှင်များသည် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ပေါင်မြို့နယ်တွင်းရှိ မြေပြိုမှုနှင့် တောင်စောင်းပြိုကျမှု ဖြစ်ပွားခဲ့သော နေရာများ၊ ဒေသခံများနှင့်ခရီးသွားတချို့ အသက်ဆုံးရှုံး ခဲ့ရသောနေရာများ၊ မြေပြိုမှုနှင့်တောင်ပြိုမှုဖြစ်ပွားနိုင်သော နေရာများစသည်ဖြင့် စုစုပေါင်း နေရာ ၁၂ နေရာသို့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။

 

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုရာတွင် လှူအသက်များ ဆုံးရှုံးရသည်အထိ ဖြစ်ပွားခဲ့သော ပေါင်မြို့နယ်၊ သဲဖြူကုန်း ကျေးရွာ၊ မလတ်တောင်ခြေအပါအဝင် နေရာအများစု၌ ပြိုကျခဲ့ခြင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိသော ဘူမိမြေလွှာ ရွေ့လျားမှုများကြောင့်မဟုတ်ဘဲ လူ့ပယောဂများ ကြောင့် ဆက်စပ်ဖြစ်ပေါ်ရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ရသည်။ တောင်ခြေကိုဖြို၍ မြေနေရာတိုးချဲ့ ခြင်း၊ တောင်ခြေ၌ မြေတူးပြီး မြေစာများ သယ်ယူရွှေ့ပြောင်းခြင်းကို လုပ်ကိုင်ခဲ့ကြကြောင်း ဒေသခံကျေးရွာသားများ၏ ပြောပြချက်အရ သိရှိခဲ့ရသလို၊ မျက်မြင်လက်တွေ့၌လည်း ဒေသခံများ ပြောပြသကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ထားမှု အထောက်အထားများကို တွေ့ရှိခဲ့ရသည်။

 

ထိုကဲ့သို့သော ဆောင်ရွက်ထားမှုများကြောင့် မလတ်တောင် အပါအဝင် ကပ်လျက်တည်ရှိနေကြသော တောင်အသီးသီး၏ ကမ်းပါးယံများ၌ တည်ငြိမ်စွာရှိနေသော မြေစိုင် မြေခဲများနှင့် ဧရာမ သက်နု ကျောက်တုံးကြီးများ၏ ဟန်ချက်ပျက်ယွင်းစပြုနေချိန်တွင် အချင်းမဖြစ်မီ ရက်ပိုင်းအတွင်းက ရွာချခဲ့သော မိုးရေချိန်ပမာဏကလည်း အလွန်များပြားပြီး တောင်ထိပ်ပေါ်နှင့် တောင်ကမ်းပါးယံ မြေသားများအတွင်းသို့ စိမ့်ဝင်ခဲ့သောရေထုကြောင့် တောင်စောင်းမြေသားများ၏ ကျစ်လျစ်ကြံ့ခိုင်မှု လျော့ကျကာ ပြိုဆင်းကျလာ ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ရသည်။ ထိုအထဲတွင် သဲဖြူကုန်းကျေးရွာ မလတ်တောင်စောင်း၏ မြေသားဖွဲ့စည်းမှုက အခြားသော ကပ်လျက်နေရာများနှင့်မတူဘဲ ကျောက်စရစ်အများအပြား ပါဝင်ဖွဲ့စည်းထားမှုကြောင့် ပြိုကျလိမ့်ဆင်းလာသော အမြန်နှုန်းက ပို၍သွက်လက်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် အသက် အိုးအိမ်စည်းစိမ် အများအပြားဆုံးရှုံးခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။

 

ကွင်းဆင်းစစ်ဆေးခဲ့သော နေရာ ၁၂ နေရာအနက် ယခု မိုးရာသီကာလအတွင်း ထပ်မံပြိုကျနိုင်သေးသည့် နေရာတချို့နှင့် ရာသီမရွေးပြိုကျနိုင်ခြေရှိသော နေရာတချို့ကိုလည်း တွေ့ရှိရသဖြင့် လိုအပ်သလို စီမံဆောင်ရွက်နိုင်ရန် ပြည်နယ် အစိုးရအဖွဲ့အား အကြံပြုခဲ့သည်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ် အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ပြည်သူ့အသက်အိုးအိမ် မထိခိုက်စေရေးကို အထူးအလေးထားပြီး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးကို လေးစားချီးကျူးမိသလို ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း အလွန်ပင် အားရကျေနပ်မိသည်။ သို့ရာတွင် ပေါင်မြို့နယ် အတွင်း၌ အန္တရာယ် ထပ်မံကျရောက်နိုင်သော နေရာများကို ခန့်မှန်း တိုင်းတာနိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်းတချို့ကို တွေ့ရသည့်အခါ၌မူ ပြည်သူ့ဘဝလုံခြုံရေး အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ် လုပ်ဆောင်မှုများတွင် ပါဝင်မှုမရှိခြင်းအပေါ် စိတ်မကောင်းဖြစ်မိသည်။

 

အချုပ်ဆိုရသော် ဘေးအန္တရာယ်များမြောင်လှသည့် မျက်မှောက်ခေတ်ကာလကြီးတွင် လူတို့က ဘာမျှလည်း မတတ်နိုင်၊ ဘာမျှလည်း ပါဝင်ပတ်သက်မှုမရှိသော သဘာဝဘေးဆိုးကြီးများ၏ အန္တရာယ်ကို နိုင်ငံတော်အစိုးရနှင့် တကွ ပြည်သူတစ်ရပ်လုံးက အထူးသတိပြု စောင့်ကြည့်ကာကွယ် နေကြချိန်တွင် လူ့ပယောဂကြောင့်ဖြစ်ရသော ဘေးအန္တရာယ်များနှင့် လူ့ပယောဂကို အခြေခံသော ဘေးအန္တရာယ်များ ဖြစ်ပွားမှုလျော့ကျသွားစေရေးအတွက် အသိတရားရှိရှိ၊ သတိတရားရှိရှိဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်သာ ဖြစ်ပေတော့သည်။ ။

 

သိပ္ပံစာရေးဆရာကိုကိုအောင်