သဘာဝစွမ်းအင်ကို ထိရောက်စွာအသုံးချ

နေပြည်တော် မေ ၁၈

လူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်ရေးတွင်  လျှပ်စစ်စွမ်းအင်သည်  အရေး အကြီးဆုံးအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ မျက်မှောက်ကာလတွင် လျှပ်စစ် ဓာတ်အား လိုအပ်ချက်များကြောင့် စွမ်းအင်မလုံလောက်မှုများနှင့် ကြုံတွေ့နေရပြီး  လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရေးအတွက်  နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ    လျှပ်စစ်ကဏ္ဍတွင်   ရေအားလျှပ်စစ်ကို    အဓိကအသုံးပြုပြီး ဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ဒီဇယ်စွမ်းအင်အသုံးပြုမှုများရှိသည်။ မြန်မာနိုင်ငံ တွင် မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များစွာရှိ၍ ၎င်းစွမ်းအင်များအပြင် လေအားလျှပ်စစ်၊  နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့်   ဒီရေအတက်အကျကို အသုံးပြုသည့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုများရှိသည်။ မြန်မာနိုင်ငံ ဒေသအနှံ့  အပြားတွင် နေရောင်ခြည်ရရှိမှု များပြားသောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့်    နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အား   ထုတ်လုပ်ရေးကို ပိုမိုဆောင်ရွက်နိုင်သည်။

ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများ ဖြစ်ပေါ်လျက် ရှိသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိသည်။  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ထိရောက်စွာ အသုံးချနိုင်မည်ဆိုပါက အဆိုပါ ပြဿနာများကို ကျော်လွှားနိုင်ခြင်းနှင့်အတူ ပြည်ပမှ မှာယူတင်သွင်းနေရသည့် စက်သုံးဆီတင်သွင်းမှုကို လျှော့ချသွားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နေရောင်ခြည် စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အား   ထုတ်လုပ်ရေးစီမံကိန်းများကို   အသေးစား၊ အလတ်စား၊ အကြီးစားလုပ်ငန်းများအဖြစ်  အကောင်အထည်ဖော် ဆောင်ရွက် နေသည်။

နေရောင်ခြည်သုံးဓာတ်အားပေးစီမံကိန်းကို မင်းဘူးမြို့တွင် တည်ဆောက် နေရာ ပထမအဆင့်တွင် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်မည်ဖြစ်ပြီး  အပြည့်အဝလည်ပတ် နိုင်ပါက မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် စက်ရုံတစ်ရုံလျှင်  မဂ္ဂါဝပ် ၁၅၀  ထုတ်လုပ်ပေးနိုင်မည့်   စီမံကိန်းနှစ်ခုကို  မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင် တည်ဆောက်ရန် လျာထားခဲ့သည်။  မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  သပြေဝကျေးရွာအနီးတွင်  သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို စက်တပ်ဆင်အင်အား  မဂ္ဂါဝပ် ၃၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဒုတိယ မြောက် တည်ဆောက်ပြီးသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖြစ်သည်။

သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ နှစ်သိန်းကျော်ခန့် ထုတ်လုပ်ပေးနိုင်ပြီး တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၆၆ သန်း ထုတ်လုပ်ပေးလျက် ရှိသည်။ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို လေးမိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ် ကောင်းကင်ဓာတ်အားလိုင်းဖြင့် ကေဗွီ ၂၃၀ သပြေဝပင်မဓာတ်အား ခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက် ရှိသည်။ ထပ်မံတည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များမှ ထွက်ရှိလာမည့်  ဓာတ်အားများကိုလည်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ဖြန့်ဝေသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်    နေရောင်ခြည်စွမ်းအင်များ    အလုံအလောက်ရှိသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်ရုံများတည်ဆောက်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၆၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။ မြန်မာနိုင်ငံ၌ နေရောင်ခြည် စွမ်းအင်ကို အသုံးပြု၍ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၅၁၉၇၃ ဒသမ ၈ တီယာဝပ် (TWh/year) ထုတ်လုပ်နိုင်သည်ဟု နိုင်ငံတကာကျွမ်းကျင်သူတို့က သုံးသပ်ထား သည်။ မဟာမဲခေါင်ဒေသခွဲအတွင်းတွင် နေရောင်ခြည်စွမ်းအင် အလားအလာ အများဆုံး တိုင်းပြည်ဖြစ်သည်။ သို့ရာတွင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ထက် များစွာ နည်းပါးနေသည်ကို တွေ့ရသည်။

နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းသည် နည်းပညာ နှင့် အရင်းအနှီးကြီးမားသော လုပ်ငန်းဖြစ်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍအတွက် ၂၀၂၁ ခုနှစ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှ ရှစ်ရာခိုင်နှုန်း  ထုတ်လုပ်ရန်ရည်မှန်းခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား  လိုအပ်ချက်မြင့်မားနေချိန်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရေး အပါအဝင် နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်စီမံကိန်းများကို တိုးမြှင့်အကောင်အထည်ဖော်နေပြီး သဘာဝ အရင်းအမြစ်များမှရရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်များကို အသေးစားမှအကြီးစားအထိ တိုးတက်ဆောင်ရွက်ကြကာ နိုင်ငံတော်နှင့်ပြည်သူ များ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။

ကြေးမုံ