သဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းမလိုက်နာတဲ့ ဇိမ်ခံအထပ်မြင့်အဆောက်အအုံနှစ်ခု ဖြိုဖျက်ခံရ

၁၅ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံ တောင်ပိုင်း မရာဒူးပြည်နယ်၊ ကိုချီမြို့ရှိ ဇိမ်ခံအထပ်မြင့် အဆောက်အအုံနှစ်ခုဟာ သဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က ဖြိုချခံခဲ့ရတာကို တွေ့ရပါတယ်။

 

5

 

ဖြိုချခံရတဲ့ အဆောက်အအုံနှစ်ခုကတော့ အလွှာပေါင်း ၁၉ လွှာရှိပြီး အခန်းပေါင်း ၉၀ ပါရှိသော H2O Holy Faith အမည်ရှိ အဆောက်အအုံနဲ့ အယ်ဖာ ဆရင်းန် (Alfa Serene) အမည်ရှိ အဆောက်အအုံတွေဖြစ်ကြောင်း သိရပါတယ်။

 

အဲဒီအဆောက်အအုံတွေဟာ ကမ်းရိုးတန်းဝန်းကျင်ရှိ အဆောက်အအုံများ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို မလိုက်နာခဲ့ကြောင်း ဗဟိုတရားရုံးက ပြီးခဲ့တဲ့ မေလက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

အဆောက်အအုံတွေကို မဖြိုဖျက်မီ  ရဟတ်ယာဉ်နဲ့ ဝေဟင်သုတေသနတွေပါ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

 

အိမ်ခန်းဝယ်ယူထားသူ ရှန်းဆူဒီးက အိမ်ခန်းတစ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ ပေးရကြောင်း သူတို့ အိမ်ခန်းဖြိုဖျက်တာကို သူ့အမျိုးသမီးနဲ့ သားသမီးတွေက စိတ်မကောင်းလွန်းတဲ့အတွက် မကြည့်ခဲ့ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

 

5

 

အဆောက်အအုံတွေ မဖြိုချမီ  အနီးရှိ အဆောက်အအုံများတွင် နေထိုင်ကြသော လူဦးရေ ၂၀၀၀ ကျော်ကို ဘေးကင်းရာနေများဆီကို ယာယီရွှေ့ပြောင်းပေးခဲ့ပါတယ်။

 

အဆောက်အအုံ ဖြိုဖျက်မယ့်အချိန်မှာလည်း လာရောက်ကြည့်ရှုသူ လူအုပ်ကြီးကို ဘေးကင်းရာတွင် ရှိနေစေရန် သတိပေး ခေါင်းလောင်းသံတွေ ပေးခဲ့သလို အနီးတဝိုက်တွင် လူနာတင်ယာဉ်များနဲ့ မီးသတ်ကားများပါ အသင့်အနေထားနဲ့ ရှိနေခဲ့ကြောင်း သိရပါတယ်။

 

ဖြိုချခံရမယ့် အဆောက်အအုံများရှိ အိမ်ခန်းပိုင်သူတွေဟာ အိမ်ခန်းတွေကနေ စွန့်ခွာဖို့ ငြင်းဆန်တဲ့အတွက် ရေဖြတ်တောက်ခြင်းနဲ့ လျှပ်စစ်မီးဖြတ်တောက်ခြင်းအထိ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဆောက်အအုံပိုင်ရှင်တွေက အိမ်ခန်းပိုင်ရှင်တွေအား ပြန်အမ်းငွေ မပေးမီ ပြည်နယ်အစိုးရ က ကြားဖြတ် ပြန်အမ်းငွေ အချို့ကို ပေးအပ်ခဲ့ပါတယ်။

 

8

 

ဖြိုချခံရတဲ့ အဆောက်အအုံအနီးမှာ နေထိုင်သူတွေက သူတို့အိမ်တွေအပေါ်မှာ သက်ရောက်လာမယ့်  အကျိုးဆက်တွေကို စိတ်ပူနေကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

 

MDN

ကိုးကား - AFP