သဘာဝရော်ဘာစိုက်ပျိုးခြင်းဖြင့် ဖွံ့ဖြိုးမှုကိုဖော်ဆောင်စို့

 

 

မင်းမင်း

 

ခြံလုံးပြည့်စီတန်းနေသော ရော်ဘာပင်များအကြား အရုဏ်ဦးအလင်းရောင်မရမီအချိန်ကပင် တနင်္သာရီတိုင်း ဒေသကြီးမှ ရော်ဘာခြံပိုင်ရှင် မသဲငုံဖူး၏ ရော်ဘာအစေးထုတ်လုပ်ငန်းခွင်သည် စတင်နေပြီဖြစ်သည်။ အရည်အသွေးညံ့သော ရော်ဘာသည် ဈေးလျော့သည့်အတွက် အရည် အသွေးမြင့် ရော်ဘာရရှိစေရန်အတွက် အစေး စုစည်းသိမ်းဆည်းမှုကို သန့်စင်စနစ်ကျစေရန် မသဲငုံဖူးသည် ခြံလုပ်သားများကို ဦးဆောင် ဆော်ဩလျက်ရှိသည်။

 

စက်တင်ဘာလမှ မေလအတွင်းသာ ရော်ဘာစေးလှီးကြ

 

ရော်ဘာ အစေးစုစည်းသိမ်းဆည်းမှုကို သန့်စင်စေရန်အတွက် အစေးထုတ်လုပ်ငန်းစဉ်တွင် အသုံးပြုမည့် ခွက်များ၊ ပုံးများကို ညကပင် သန့်စင်အောင် ဆေးကြောထားရသည်။ အစေးခြစ်သုံး ပစ္စည်းများဖြစ်သည့် အစေးခြစ်ဓား၊ ဇွန်း၊ အစေးခံ ခွက်၊ ချိတ်၊ ကြိုး၊ ပလိုင်း၊ ခေါင်းမီး၊ ထမ်းတံပိုးနှင့် ရေပုံးများကို ပြည့်စုံအောင် စီမံထားရသည်။ အစေး လှီးသူများသည် အပင်အရွယ်အစား၊ သက်တမ်း၊ အပင်အစိပ်အကျဲအလိုက် တစ်နေ့တွင် အပင် ၃၅၀ မှ ၅၀၀ အကြား အစေးလှီးကြသည်။ မိုးရာသီတွင် အစေးမလှီးကြပေ။ အများအားဖြင့် စက်တင်ဘာလမှ မေလအတွင်းသာ ရော်ဘာစေး လှီးကြသည်။

“ပစ္စည်းကောင်းမှ ဝင်ငွေကောင်းမယ်။ သေချာမလုပ်လို့ အရည်အသွေးညံ့သွားရင် ဈေးကညံ့သွား တယ်။ ဒါကြောင့် ကိုယ့်အလုပ်ကို သေချာစနစ်ကျအောင်လုပ်ရတယ်။ အစေးထွက်အားကောင်းအောင်၊ ထွက်တဲ့ အစေးကို သန့်နေအောင်ကစပြီး လုပ်ရတဲ့ အလုပ်ဟာ အဝယ်ဒိုင်လက်ထဲရောက် ငွေပေါ်မှ စိတ်ချမ်းသာရတာ။ ရော်ဘာလုပ်ငန်းဆိုတာ ပင်ပန်းတယ်။ အစေးထွက်အားကောင်းအောင် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ခံ ထားတဲ့ မျိုးကောင်းမျိုးသန့် အဖူးဆက်ပျိုးပင်ကို စိုက်မှ၊ စိုက်ပြီးရင်လည်း ဈေးကောင်းရအောင် ထုတ်နိုင်မှ ဖြစ်တာမို့ စိုက်ပျိုးနည်းပညာတွေ၊ ဈေးကွက် အနေအထားတွေ ဒါတွေကိုပါ လေ့လာရတယ်”ဟု တနင်္သာရီတိုင်းဒေသကြီးမှ ရော်ဘာ ၁၀ ဧက စိုက်ပျိုးသူ ဦးအောင်မိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့သည် နိုင်ငံအတွင်း ရော်ဘာအများဆုံးစိုက်ပျိုးကာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိသည်။

ရော်ဘာပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် အခြားရာသီပေါ်သီးနှံနှင့်မတူဘဲ ကာလရှည် ငွေကြေးရင်းနှီးမြှုပ်နှံကာ ရေရည်ရင်းနှီး ရသည့်အတွက် စရိတ်ကုန်ကျမှုရှိသည့် သီးနှံ ဖြစ်သည်။ ထို့ကြောင့် မိမိနိုင်သလောက်ဆောင်ရွက် ကြသည့် ခြံငယ်များသာ အများအပြားတည်ရှိသည်။

 

ရော်ဘာစိုက်ပျိုးရေးတွင် ခြံငယ်များသည် အဓိကကျသည့်နေရာမှပါဝင်

 

ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းငယ်များသည် ရော်ဘာထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများတွင် ပါဝင်နေသည်။ ရော်ဘာ စိုက်ပျိုးရေးတွင် ခြံငယ်များသည် အဓိကကျသည့်နေရာမှပါဝင်နေပြီး စိုက်ပျိုး ဧရိယာ ၅ ဧကအောက် ၁၁ ဒသမ ၁၀ ရာခိုင်နှုန်း၊ ၅ ဧကမှ ဧက ၂၀ အကြား ၃၇ ဒသမ ၇၆ ရာခိုင်နှုန်း၊ ဧက ၂၀ နှင့် ၅၀ အကြား ၂၀ ဒသမ ၅၀ ရာခိုင်နှုန်း တည်ရှိသည်။ ယင်းခြံငယ်များမှ ဈေးကွက်မီရော်ဘာ အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်ရန် ကျော်လွှားရမည့် အခက်အခဲများရှိနေသည်။

ရော်ဘာအဝယ်ဒိုင်နှင့် ကုန်သည်များသည် အရည်အသွေးမရွေးဝယ်ယူသောကြောင့် အခြားရော်ဘာ စိုက်ပျိုးသည့် နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ရော်ဘာအရည်အသွေးကျဆင်းနေပြီး နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျကာ မြန်မာ့ရော်ဘာကဏ္ဍတွင် အားနည်းချက်တစ်ရပ်အဖြစ် ပေါ်ပေါက်လျက်ရှိနေသည်။

အရည်အသွေးမပြည့်မီသောပျိုးပင်ကို စိုက်ပျိုးခြင်းကြောင့် ရော်ဘာပင်ထိန်းသိမ်းကာလ (Immature Period)ကို ရှည်ကြာကာ အစေးခြစ်ချိန်တွင်လည်း တစ်ဧကတွင်ရှိရမည့် အပင်ဦးရေ လျော့နည်းစေပြီး အထွက်နှုန်းလျော့ကျမှုများရှိနေသည်။ သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာဈေးနှုန်းကြီးမားခြင်း၊ ကျွမ်းကျင် အစေးခြစ်လုပ်သား ရှားပါးခြင်းသည်လည်း ရော်ဘာအထွက်နှုန်းကို ထိခိုက်စေသည်။ ထို့အပြင် ရော်ဘာအခြေခံ ထုတ်ကုန်များဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသော ဈေးနှုန်းချိုသာသည့် တာယာ၊ လက်အိတ်၊ မော်တော် ယာဉ်သုံးပစ္စည်းအမျိုးမျိုးတို့ ပြည်ပမှ ဝင်ရောက်နေခြင်းသည် ပြည်တွင်းရော်ဘာအခြေခံ MSME လုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေရေးနှင့် ကုန်သွယ်မှုကဏ္ဍအတွက် စိန်ခေါ်မှုဖြစ်စေသည်။

အချို့သော ရော်ဘာစိုက်ပျိုးသူများသည် အရည်အသွေးမြင့်ရော်ဘာကို စိုက်ပျိုးထုတ်လုပ်နေသော်လည်း ဈေးကောင်းပေးဝယ်ယူမှုနည်းပါးပြီး အရည်အသွေးနိမ့်သောရော်ဘာကို ဈေးနှိမ်ဝယ်ယူမှုသာ များပြားနေသည်။

 

mdn

 

မြန်မာ့ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်

 

ထို့ကြောင့် နိုင်ငံတော်က မြန်မာ့ရော်ဘာကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှု မြှင့်တင်ပေးနိုင်ရန် ရည်မှန်းချက်များထားရှိကာ အရှိန်အဟုန်ဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် ၉၀ ရာခိုင်နှုန်းကျော်သော ရော်ဘာစိုက်ပျိုးထုတ် လုပ်သည့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးကို အားစိုက်ဆောင်ရွက် ပေးလျက်ရှိသည်။

“ရော်ဘာက စက်မှုလုပ်ငန်းတွေမှာ အများ ဆုံးသုံးတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ တိုးတက်လာတာနဲ့အညီ ထုတ်လုပ်မှုတိုးတက်ရမယ့် သီးနှံတစ်ခုဖြစ်တဲ့အတွက် ဈေးကွက်အလားအလာ ကောင်းများစွာရှိပါတယ်။ ရော်ဘာသီးနှံဟာ နိုင်ငံအတွက် ပြည်ပဝင်ငွေအများကြီးရရှိနိုင်တဲ့ သီးနှံဖြစ်လို့ ရော်ဘာကဏ္ဍဟာ အမျိုးသားပို့ကုန်မဟာဗျူဟာမှာ ဦးစားပေးကဏ္ဍအနေနဲ့ပါဝင်တယ်။ နိုင်ငံတော်ကလည်း ရော်ဘာထုတ်လုပ်မှု တန်ဖိုးကွင်းဆက် တစ်လျှောက်လုံး ဖွံ့ဖြိုးမှုရရှိအောင် ဆောင်ရွက်နေပါတယ်။ ရော်ဘာထုတ်လုပ်မှုမှာ တွေ့ကြုံနေတဲ့ ဈေးကွက်အရည်အသွေးမမီတာ၊ အထွက်နှုန်း ကျဆင်းတာ ဒါတွေကို ကျော်လွှားနိုင်ဖို့ သက်ဆိုင် ရာ stakeholder တွေအားလုံး ပူးပေါင်းပြီး ဆောင်ရွက်နေတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးတဲ့ ရော်ဘာ တောင်သူတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ ဌာနကတော့ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးတာတွေ၊ စိုက်ပျိုး ရေးနည်းပညာတွေ၊ အသိပညာ ပေးတာတွေ၊ သုတေသနလုပ်ဆောင်တာတွေက အဓိကတာဝန်ပါ။ ကျန်တဲ့ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေမှာလည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက ပြောသည်။

 

ရော်ဘာထုတ်လုပ်မှု၃ ဒသမ ၅ သိန်းအထိ တိုးတက်လာ

 

မြန်မာနိုင်ငံမှ ရော်ဘာထုတ်လုပ်မှုအနေဖြင့် ၂၀၁၈ ခုနှစ်မတိုင်မီ သဘာဝရော်ဘာထုတ်လုပ်မှု တန်ချိန် နှစ်သိန်းခန့်မှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တန်ချိန် ၃ ဒသမ ၅ သိန်းအထိ တိုးတက်လာသည်။ ကမ္ဘာပေါ်တွင် ထုတ်လုပ်လျက်ရှိသည့် အစေးရည် အပျစ် (Rubber Concentrated Latex)၊ မှိုင်းခံ ရော်ဘာ (Ribbed Smoked Sheet–RSS) နှင့် Technically Specified Rubber (TSR) တို့အနက် RSS နှင့် TSR နှစ်မျိုးကိုသာ မြန်မာနိုင်ငံက ထုတ်လုပ် လျက်ရှိသည်။ ယခုအခါ Myanmar Standard Rubber – MSR များဖြစ်သည့် MSR-5၊ MSR-10၊ MSR-20 တို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။ နိုင်ငံအတွင်းမှ ရော်ဘာထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်း ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။

ရော်ဘာပင်သည် နှစ်ရှည်သီးနှံဖြစ်သည့် အတွက် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့်၊ အစေးထွက်နှုန်း ကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည် ရှိသည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန် အရေးကြီးသည်။ မြန်မာနိုင်ငံ၏ မိုးရွာသွန်းသော အခြေအနေပေါ် အခြေခံ၍ စိုက်ပျိုးသင့်သည့် ရော်ဘာမျိုးများကို သုတေသနပြု စမ်းသပ်လေ့လာပြီး ဒေသအလိုက် စိုက်ပျိုးသင့်သည့် ရော်ဘာမျိုးများ၊ စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာနက ရော်ဘာစိုက် တောင်သူများထံ နည်းပညာပေး၊ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

“ရော်ဘာစိုက်ပျိုးထုတ်လုပ်တာ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းရာမှာ လူ့စွမ်းအားအရင်းအမြစ်က အရေးကြီးပါတယ်။ ရော်ဘာမှာက လုပ်သားပိုင်း (အစေးခြစ်လုပ်သား) တွေလိုတယ်။ ရော်ဘာကဏ္ဍဟာ အလုပ်အကိုင်အခွင့်အလမ်း ၁၀ သိန်းနီးပါး ရှာပေးနေတဲ့လုပ်ငန်းလည်း ဖြစ်ပါတယ်။ ရော်ဘာဧက ၁၆ သိန်းကျော်ရှိတယ်။ ဒီဟာကို လွှမ်းခြုံပြီး ပညာပေးလုပ်ငန်းဆောင်ရွက်ရမှာ ကျွန်တော်တို့မှာလည်း ဝန်ထမ်းအင်အားနည်းတဲ့အတွက် အခက်အခဲတော့ရှိပါတယ်။ ဒါပေမဲ့ရှိတဲ့အင်အားနဲ့ပဲ မျိုးထောက်ခံချက်ပေးတာ၊ သုတေသနလုပ်ငန်း၊ တောင်သူပညာပေးတာ၊ စီမံခန့်ခွဲရေးလုပ်ငန်းတွေ၊ ဈေးနှုန်းသတင်းအချက် အလက်ပေးတာတွေကို အမြဲမပြတ် ဆောင်ရွက် နေပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြတ်သူက ရှင်းပြသည်။

 

သုံးပိုင်းခွဲခြားကာ ကြိုးပမ်းဆောင်ရွက်

 

ရော်ဘာဖွံ့ဖြိုးမှုဆောင်ရွက်ရာတွင် စိုက်ပျိုး ထုတ်လုပ်ခြင်းအပိုင်း (Upstream)၊ ပြုပြင် ထုတ်လုပ်သည့်အပိုင်း (Midstream) နှင့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်သည့်အပိုင်း(Downstream) ဟူ၍ သုံးပိုင်းခွဲခြားကာ သက်ဆိုင်ရာအပိုင်းအလိုက် ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရန်အတွက် မြန်မာနိုင်ငံ၏ အလုပ်သမားကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတကာအသိအမှတ်ပြု ရော်ဘာ အစေးခြစ် ကျွမ်းကျင်မှုစံအဆင့်(၁)၊ အဆင့် (၂) သတ်မှတ်ရေးဆွဲပြီး သင်တန်းများ ဖွင့်လှစ်လျက်ရှိသည်။ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရထားသည့် လုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ပါက အဆင့်သတ်မှတ်ချက်နှင့် ညီသည့် လုပ်ခကိုရရှိနိုင်ရန်လည်း ရည်ရွယ်သည်။

ရော်ဘာပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်း သင်တန်း၊ မိုးကာအုပ်အစေးခြစ်သင်တန်း စသည့် သင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ပြန်လည်ဖွင့်လှစ်နိုင်ရန် အတွက် ဝန်ထမ်းများကို ToT သင်တန်းများ ဖွင့်လှစ် ပေးလျက်ရှိသည်။

 

mdn

 

“ရော်ဘာဥပ‌ဒေ၊ ရော်ဘာဘုတ်အဖွဲ့၊ ခိုင်ကြေး (Cess Fund)၊ ရော်ဘာအရည်အသွေးနဲ့ ဈေးနှုန်းတွေကို ထိန်းကျောင်းပေးဖို့ ရော်ဘာဗဟိုလေလံဈေး (Central Market)၊ ရော်ဘာအခြေခံကုန်ထုတ် ပစ္စည်းစက်ရုံနဲ့ Rubber Research Institute ဒါတွေ ကျွန်တော်တို့နိုင်ငံမှာ အားကောင်းလာအောင် လုပ်ရဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ ရော်ဘာဥပဒေ ကျင့်သုံးနိုင်အောင်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ က ဖွဲ့စည်းထားတဲ့ ရော်ဘာဖွံ့ဖြိုးရေးကော်မတီကို ပြန်လည်အသက်ဝင်အောင် လုပ်ဆောင်ပြီးတော့ အရည်အသွေးညံ့တဲ့ ရော်ဘာတွေဝယ်ယူတဲ့ လုပ်ငန်းရှင်တွေကို အတိုင်းအတာတစ်ခုထိ ကြပ်မတ်ရမှာ ဖြစ်ပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။

 

သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်းအဖွဲ့များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုး ရေးဘုတ်အဖွဲ့(International Rubber Research and Development Board-IRRDB) သို့ ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ သဘာဝရော်ဘာစိုက်ပျိုး ထုတ်လုပ်သော နိုင်ငံများအသင်း (Association of Natural Rubber Producing Countries-ANRPC) သို့ ၂၀၁၈ ခုနှစ်တွင်လည်းကောင်း အသင်းဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး အသင်းဝင်နိုင်ငံများ နှင့်ပူးပေါင်း၍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုး ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

IRRDB အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်မှစတင်၍ ရော်ဘာမျိုးသစ် ၃၁ မျိုးအား ပြည်တွင်းသို့ တင်သွင်းကာ စမ်းသပ်သုတေသနပြု စိုက်ပျိုးလျက်ရှိသည်။ ထို့အတူ ANRPC နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေး လမ်းညွှန် (Sustainable Natural Rubber-SNR) မူကြမ်းကို ရေးဆွဲထားပြီးဖြစ်သည်။

မဲခေါင်-လန်ချန်းအစီအစဉ်နှင့် လူထုအခြေပြု ရော်ဘာပြုပြင်ထုတ်လုပ်ရေး စင်တာများကိုလည်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။ နှစ်ရှည်သီးနှံဌာနခွဲ ဓာတ်ခွဲခန်း အနေဖြင့် နိုင်ငံခြားတင်ပို့မည့် RSS၊ TSR ရော်ဘာများ၏ ဓာတု၊ ရူပ စစ်ဆေးချက်များကို ထုတ်ပေးလျက်ရှိရာ နိုင်ငံတကာအသိအမှတ်ပြု ISO17025/2027 လက်မှတ်ရဓာတ်ခွဲခန်းဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ RSS စက်ရုံ ၃၉ ရုံ၊ TSR စက်ရုံ ၁၃ ရုံ၊ latex concentrate စက်ရုံတစ်ရုံနှင့် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းစက်ရုံ ၁၄ ရုံအတွက် ပြင်ပတင်ပို့ ရော်ဘာများ ရော်ဘာအရည်အသွေးစစ်ဆေးရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် နှစ်ရှည်သီးနှံဌာနခွဲအနေဖြင့် ယနေ့ ခေတ်စားလာသည့် ရော်ဘာအစေးနှင့် သစ်ထွက်ကောင်းသော Latex Timber Clone များကို ဆက်လက်ထောက်ခံပေးနိုင်ရန်အတွက် သုတေသနများ လုပ်ဆောင်လျက်ရှိသည်။ ရော်ဘာမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး ရော်ဘာပင်အို ခုတ်လှဲ၍ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအား ရော်ဘာသစ်စက်ရုံနှင့် ပူးပေါင်းကာ ရော်ဘာမျိုးကောင်းမျိုးသန့် ငါးသိန်းနီးပါးကို သက်သာသောဈေးနှုန်းဖြင့် နှစ်ရှည်သီးနှံဌာနခွဲက ဖြန့်ဖြူးထုတ်လုပ်ပေးလျက်ရှိသည်။

ယခုအချိန်တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ကမ္ဘာ့တာယာကုမ္ပဏီကြီးများက ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလာကြရာ ရေရှည် တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်ရေး (Sustainable Natural Rubber-SNR) လမ်းကြောင်း ပေါ်ကို မြန်မာနိုင်ငံကလည်း တက်ရောက်ရမည် ဖြစ်သည်။

“ကျွန်တော်တို့လို့ ရော်ဘာစိုက်တဲ့သူတွေအတွက် ရေရှည်အကျိုးကျေးဇူးရရှိအောင် SNR ဆိုတာကို စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးပါတယ်။ ဒီလမ်းကြောင်းဟာ တကယ်လည်း သွားရမှာပါ။ ဒီလမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာ ကျွန်တော်တို့လို စိုက်ပျိုးသူတွေဘက်ကနေ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းခြင်း၊ ဖော့မစ်အက်စစ်သုံးသည်မှအစ ထုတ်လုပ်မှုတိုးတက်မြင့်မားအောင် လုပ်ဆောင်တာ ဒါတွေရှိရမှာဖြစ်ပါတယ်။ ပြီးတော့လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ပွင့်လင်းမြင်သာမှုရှိတာ ဒါတွေလည်း လိုအပ်ပါတယ်” ဟု ဘီးလင်းမြို့မှ ရော်ဘာစိုက်ပျိုးသူ ဦးအောင်ဝင်းက ဆိုသည်။

 

သဘာဝရော်ဘာထုတ်လုပ်ရေးမူကြမ်းပါ ရည်ရွယ်ချက်များ

 

ရေရှည်တည်တံ့သော သဘာဝရော်ဘာ ထုတ်လုပ်ရေး (Sustainable Natural Rubber-SNR) Guidelines မူကြမ်းပါ ရည်ရွယ်ချက်များမှာ သဘာဝရော်ဘာ အဓိကစိုက်ပျိုးထုတ်လုပ်သူများ ဖြစ်သည့် ခြံငယ်ရှင်များ နည်းစနစ်မှန်ကန်စွာဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း ရော်ဘာများထုတ်လုပ်နိုင်ရန်၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ခြင်းများကြောင့် သဘာဝသစ်တောများ ပြုန်းတီးယိုယွင်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်းများ မရှိစေရန်၊ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်နေသော လူမှုဘဝများ ကောင်းမွန်လုံခြုံမှုရှိစေ ရန်နှင့် ကွင်းဆက်တစ်လျှောက် ရော်ဘာလုပ်ငန်းများ ဥပဒေနှင့်အညီ နောက်ခံသတင်းအချက် အလက်များ ချိတ်ဆက်ခြေရာခံနိုင်မှုနှင့် ပွင့်လင်း မြင်သာမှုရှိပြီး မှန်ကန်မျှတသည့် သဘာဝရော်ဘာ ဈေးကွက်ကို ကျင့်သုံးနိုင်ရန် ဖြစ်သည်။

“နိုင်ငံတကာရော်ဘာဈေးကွက်ရဲ့ တောင်းဆိုချက်အရ ၂၀၃၀ ပြည့်နှစ်မှာ SNR နဲ့ ထုတ်လုပ်တဲ့ ရော်ဘာမှသာ ထိုက်တန်တဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင် တော့မှာဖြစ်ပါတယ်။ ဒီတော့ မြန်မာ့ရော်ဘာကလည်း တခြားနိုင်ငံတွေလိုပဲ ပြောင်းလဲနိုင်ရမယ်။ ဒါမှသာ ဈေးကွက်မီမယ်၊ ရေရှည်တည်တံ့နိုင်မယ်၊ ဒါကို ရှောင်လွှဲလို့မရဘူး။ ပြီးတော့ EV ကားဈေးကွက်က ကျယ်ပြန့်လာတယ်၊ ဒီကားတွေကို တရုတ်နိုင်ငံက အများဆုံးထုတ်လုပ်ပြီးတော့ အီးယူနိုင်ငံတွေကို တင်ပို့တယ်။ အီးယူနိုင်ငံတွေက EU Deforestation Regulation(EUDR) Certificate ရှိတဲ့ တာယာ ဖြစ်ရမယ်၊ မဖြစ်ရင်မဝယ်တော့ဘူး။ EV ကား ပေါ်ထွန်းလာတာနဲ့အတူ EUDR ဆိုတဲ့ ရော်ဘာ ထုတ်လုပ်မှုလမ်းစဉ်ကိုလည်း အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်” ဟု Myanmar Sustainable Natural Rubber Association (MSNRA) ဥက္ကဋ္ဌ ဒေါက်တာယုစိန်က အကြံပြု သည်။

အချုပ်အားဖြင့်ဆိုရလျှင် ကမ္ဘာ့နိုင်ငံများတွင် ရေရှည်တည်တံ့သော သဘာဝရော်ဘာ (SNR) စိုက်ပျိုး ထုတ်လုပ်မှုကို စတင်နေပြီဖြစ်သည်။ သို့အတွက် မြန်မာ့ရော်ဘာ ကမ္ဘာ့အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် တက်လှမ်းရာတွင် ရေရှည်တည်တံ့သော သဘာဝရော်ဘာ (SNR) စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်သာ။ ထို့ကြောင့် SNR ၏ လိုအပ်ချက်ဖြစ်သည့် ဖော့မစ်အက်စစ်သုံးစွဲ ခြင်း၊ မြေယာပိုင်ဆိုင်မှု ခိုင်မာခြင်း၊ အစုအဖွဲ့ဖြင့် ရော်ဘာစက်ရုံတည်ထောင်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ရော်ဘာ ခြံငယ်ရှင်များအတွက် လိုအပ်သော ရန်ပုံငွေထူထောင်ကာ ပံ့ပိုးမှုများဆောင်ရွက်ခြင်း၊ ရော်ဘာ ကုန်ချောပစ္စည်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။