သစ္စာရောင်နေဝင်ချိန်

အမရာပြည့်ပြည့်သူ

 

"အေးဟေ့ စုချင် ပေးချင်တဲ့သူတွေ ကိုယ့် ဘာသာ စုကြ၊ ပေးကြဟေ့။ ငါလည်း တစ်နေ့ လုပ်မှ တစ်နေ့စားရတာ။ ဒီကြားထဲ ကလေး တွေက တစ်ပြုံကြီးနဲ့"

 

ဒါကတော့ အိပ်ရာထဲ နှစ်ရှည်လများ လဲနေတဲ့ အဖေဖြစ်သူကို ပြုစုစောင့်ရှောက် ကြဖို့ တိုင်ပင်ရာက နောက်ဆုံးထွက်လာတဲ့ စကားသံပါ။ အမေမရှိတော့လို့ သူတို့ မောင်နှမတွေ တိုင်ပင်ဖြစ်ကြတာပါ။အနှစ်နှစ် အလလ အိပ်ရာထဲလဲနေတဲ့ အဖေ့ကို အမေပဲ ပြုစုစောင့်ရှောက်ခဲ့တာပါ။ အရင်တုန်းက တော့ အဖေက သန်သန်မာမာရယ်။ အသက် ၇၀ ကျော်လာသည့်တိုင် ရေခပ်၊ ထင်းခွဲ၊ နှီးထိုး၊ တောင်းယက် အကုန်လုပ်တာ။ ဒါပေမယ့် ကံကြမ္မာက အဖေ့ကို လေဖြတ်ခြင်း နဲ့ ဒဏ်ခတ်ပြီး အိပ်ရာထဲမှာဘဲ နားစေခဲ့ တော့တယ်။ စကားတော့ မပီကလာ၊ ပီကလာ နဲ့ ပြောနိုင်သေးတယ်။ "ညကြယ် ညကြယ်"ဆိုပြီး အမေဖြစ်သူ လှကြွယ်ကို ခေါ်နိုင် သေးတယ်။ အမေကလည်း သူ့ယောကျာ်းကို သိပ်ချစ်တတ်တာ။ မနက်မိုးလင်းလာတာနဲ့ သူ့ဝမ်းသူ အသာထား၊ အဖေ့အတွက် ဆန်ပြုတ်၊ စွပ်ပြုတ်ကို အရင်ချက်တာ။ အဖေ့ ကို ကျွေးမွေး၊ ရေချိုးသန့်စင်ပေးပြီးမှ သူစား တာ။ညဘက်အိပ်ရင်လည်း အဖေ့နားမှာ ခွေခွေလေးအိပ်ပြီး ရင်ဘတ်လေး သွားစမ်း ကြည့်လိုက်၊ နဖူးလေး သွားစမ်းကြည့်လိုက်နဲ့ တစ်ယောက်တည်း ဗျာများနေတတ်တာ။သူတို့မောင်နှမတွေကတော့ ဝတ္တရားအရ ခဏတဖြုတ်ကြည့်ပေးရုံကလွဲပြီး နောက် တော့ ကိုယ့်အိမ်ကိုယ် အသီးသီးပြန်ကြတာ။


"ကိုမြလှိုင် ဒီမှာ ရှင့်သားအကြီးဆုံးကြီး လေ မှတ်မိလား။ ရှင့်ကိုလာကြည့်တာ"


ရှင့်သမီးလတ်လေ၊ ရှင့်သားငယ်လေ၊ ရှင့်သမီးထွေးလေ စသည်ဖြင့် အမေကတော့ အဖေ့ကို တစ်ယောက်ချင်းသတိရစေဖို့ အမြဲ နှိုးဆော်ပေးလေ့ရှိတယ်။ အဖေကလည်း မှတ်မိကြောင်း ခေါင်းတညိတ်ညိတ်လုပ်တယ်။အဖေ့ကို ကြည့်လိုက်တိုင်းလည်း အမြဲ သန့်သန့်ပြန့်ပြန့်နဲ့ ဝ၀ဖြိုးဖြိုး စိုစိုပြည်ပြည် ရှိတယ်။"ညကြယ် ညကြယ်" ဆိုတဲ့ သူ့မိန်းမ နာမည်ကိုတော့ ပါးစပ်ဖျားက မချဘူး။ ဘယ်ချ မလဲလေ။ အဖေနဲ့အမေက အသက် ၁၈ နှစ် ကတည်းက ပေါင်းသင်းလာခဲ့ကြတာ။ အခု သားသမီး ၁၀ ယောက်။ မြေး ၁၈ ယောက်၊ မြစ်နှစ်ယောက် ရနေတာကိုသာ ကြည့်တော့။

 

"ညကြယ် ညကြယ် ညကြယ်"


ကျုပ်နိုးကတည်းက ခေါ်နေတာ အတော် ကြာပြီ။ လှကြွယ်တစ်ယောက် ဘာဖြစ်လို့လဲ မသိပါဘူး။ အရင်လို ကျုပ်ဘေးနားမှာ ခွေခွေ လေး အိပ်နေတာပဲ။ခေါ်နေတာကို ပြန်မထူး ဘူး။ မိုးလင်းလာပြီဆိုရင် ကျုပ်ဗိုက်ဆာမှာ စိုးလို့ဆိုပြီး ကျုပ်ကို အရင် ခူးခပ်ကျွေးတတ်တဲ့ မိန်းမဗျ။ ကျုပ်ရဲ့ ချေးဝတ်၊ သေးဝတ်တွေ ကိုလည်း မညည်းမညူ လှဲလှယ်လျှော်ဖွပ်ပေး တတ်တဲ့ မိန်းမဗျ။ ကျုပ်တို့က ငယ်လင် ငယ်မယားဖြစ်ခဲ့ရုံမက ဒိုးတူပေါင်ဖက် လုပ်ကိုင်စားခဲ့ကြတာ ကျုပ်လေမဖြတ်ခင် အချိန်ထိဆိုပါတော့ဗျာ။ သိပ်သနားဖို့ ကောင်းတဲ့ မိန်းမဗျ။ ကျုပ်တစ်ယောက်တည်း မြေကြီးတူးရတာ ပင်ပန်းတယ်။ သူလည်း လိုက်တူးမယ်ဆိုပြီး လုပ်တာ။ အကြီး ကောင်ကြီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်ကြီးကိုဗျာ။ ကျုပ်မှာ မနည်းဖျောင်းဖျပြီး အိမ်မှာ ထားခဲ့ရတာ။ကျုပ်မှတ်မိသေးတယ်။သုံးယောက်မြောက်သမီးကို ကိုယ်ဝန်ဆောင် ထားရတဲ့အချိန်မှာ ညဘက်တလူးလူး တလွန့်လွန့် အိပ်မပျော်ဖြစ်နေရှာတာ။ဘာဖြစ်လို့လဲ မေးတာကို လုံးဝမပြောဘူးဗျာ။မိုးလင်းမှ ပြောတယ်။ သူ ညက ပြောင်းဖူး ပြုတ်ကို ချဉ်ခြင်းတပ်နေလို့ ဘယ်လိုမှ အိပ်မရ တာတဲ့။ ညဉ့်နက်သန်းခေါင်ကြီးဖြစ်ပြီး ကျုပ် ဒုက္ခခံပြီးသွားရှာနေမှာစိုးလို့ မပြောတာတဲ့။လင်သားအပေါ် အတော်သိတတ်တဲ့ မိန်းမဗျ။


ဟိုတစ်နေ့က အလတ်မနဲ့ ပြောနေသံ ကြားတယ်။အလတ်မက အမေဘာစားထားလဲ မေးတော့ ငံပြာရည်ချက်လေးနဲ့ထမင်းကို လူးပြီး စားပြီးပြီတဲ့။ ကျုပ်အတွက် ဆန်ပြုတ်၊ စွပ်ပြုတ်ကို တစ်နေ့တစ်ခါ ပူပူလေးဖြစ်အောင် ချက်ပြုတ်ကျွေးတတ်ပေမယ့် သူ့အတွက်ကို တော့ ငံပြာရည်ချက်ချက်ပြီး တစ်လကိုး သတင်းလောက် စားနေတဲ့ မိန်းမဗျ။


"ညကြယ် ညကြယ်"


အခုထိခေါ်လို့လည်း မရသေးပါလားဗျာ။သား၊ သမီး တစ်ယောက်ယောက် ရောက်လာ ရင်ကောင်းမယ်။


"အဖေ အမေ ဘာဖြစ်လို့လဲ"


ဟော ပြောပြောဆိုဆို အလတ်ကောင် တစ်ယောက် ရောက်လာတယ်။


"အမေ အမေ အမေ အစ်မကြီးတို့ အစ်ကိုကြီးတို့လာကြပါဦးဟ ဒီမှာ အမေ့ကို ခေါ်လို့မရတော့ဘူး"


ဟင် တကယ်ခေါ်လို့မရတော့ဘူး။ကျုပ် မိန်းမလှကြွယ်ကို ခေါ်လို့မရတော့ဘူးတဲ့။


ကံကြမ္မာက မျက်လှည့်ပြလိုက်သလို မျိုးပါပဲလား။ အိပ်ရာထဲမှာ နှစ်ရှည်လများ လဲနေခဲ့တဲ့ ကျုပ်ကမသေဘဲ ကျုပ်ကိုလို လေသေးမရှိ ပြုစုနေတဲ့ ကျုပ်မိန်းမက သွေးပေါင်ဆောင့်တက်သွားပြီး ဆုံးခဲ့ရပြီ။ကျုပ်ကိုအနီးကပ် လိုလေသေးမရှိ ပြုစုပေး နေခဲ့တဲ့ လှကြွယ်ဟာ သူ့ရဲ့ သွေးတိုးရောဂါကို တော့ ဂရုမစိုက်ခဲ့ဘူး။ ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်လာတဲ့အခါ သွေးပေါင်လေး လာချိန်ပါလို့ ဆေးရုံက ဆရာဝန်က မှာထားတာတောင် ဘယ်တော့မှ မသွားခဲ့ဘူး။ သွေးတိုးရောဂါ ရှိနေလို့ ဆရာဝန်က ငါးပိ၊ ငံပြာရည်၊ ငါးခြောက် လျှော့စားပါလို့ ပြောထားခဲ့တာတောင် ငံပြာ ရည်ချက်ကို တစ်လကိုးသီတင်း စားနေခဲ့တဲ့ သူ။ ကျုပ်ရဲ့ ချစ်လှစွာသော သစ္စာရှင်မကြီး လှကြွယ် အခုတော့ ကျုပ်ကို အေးအေး သက်သာပဲ ထားခဲ့ပြီ။


"အမေလည်း မရှိတော့ဘူး။ ဒီတော့ အဖေ့ကို တစ်ယောက်တည်းထားလို့မရတဲ့ အတွက် ငါတို့တွေ တစ်ယောက်တစ်လှည့် တာဝန်ယူရတော့မယ်။ ဘယ်လို သဘောရ ကြလဲ။ အားလုံးရဲ့ဆန္ဒကို ပြောကြဦး"


သားအကြီးဆုံးရဲ့ အသံကို ပထမဦးဆုံး ကြားရတယ်။ မနေ့ကပဲ လှကြွယ် ရက်လည် ပြီးတယ်။ လှကြွယ်ရယ် တကယ်ဆို ငါအရင် သွားရမှာ မင်းအရင်သွားရမှာ မဟုတ်ဘူး။ကျုပ်ရင်ထဲမှာ ဝမ်းနည်းစိတ်က တလိပ်လိပ်နဲ့ ဆို့တက်လာတယ်။


"ပြောရမယ်ဆိုရင်တော့ အဖေ့ကို ငါ့အိမ်မှာ ခေါ်ထားဖို့ကတော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့လင်မယား နှစ်ယောက်စလုံးက မိုးမလင်းခင် မျက်လုံး နှစ်လုံးပွင့်တာနဲ့ ဈေးထဲရောက်နေကြပြီ။ကလေးကိုတောင် ယောက္ခမက ကြည့်ပေး ထားရတာ။


တတိယသမီးရဲ့ စကားသံကို ကြားလိုက်ရ တယ်။ ဟုတ်ပါတယ်လေ။ သူတို့ခမျာ အိမ်ထောင်ခွဲသွားတော့ ကျုပ်တို့လင်မယားက မိဘအနေနဲ့ ဘာပစ္စည်းမှ ပေးလိုက်နိုင်တာ မဟုတ်ဘူး။ သူတို့အိမ်ထောင် သူတို့ဘာသာ သူတို့ ထူထောင်ရတာ။


"ငါလည်း ခေါ်မထားနိုင်ဘူး။ ငါ့မိန်းမက ကိုယ်လေးလက်ဝန်ကြီးနဲ့ အဖေ့ကို ပြုစုနိုင်မှာ မဟုတ်ဘူး"


"ကျွန်မလည်း ခေါ်ထားလို့မဖြစ်ဘူး။ ခုတလော ကျွန်မယောကျာ်းနဲ့ ကျွန်မက သိပ်ကြည်ကြတာ မဟုတ်ဘူး။ သူက ကျွန်မ အဖေ့ဆီလာတာတောင် သဘောကျတာ မဟုတ်ဘူး"


"ကျွန်တော်လည်း ခေါ်ထားလို့မဖြစ်ဘူး။ကျွန်တော်တောင် ယောက္ခမအိမ်ကပ်နေ ရတာ"

ကျုပ်ကို တာဝန်ယူစောင့်ရှောက်ရေး အတွက် တိုင်ပင်ပွဲက ခဏအသံတိတ်သွား တယ်။ သူတို့ပြောနေတဲ့စကားတွေကို ကျုပ် အတိုင်းသားကြားနေရတာပဲ။ သူတို့မှာလည်း အခက်အခဲတွေနဲ့ဆိုတော့ ကျုပ်အတွက် ခေါင်းစားနေရပြီ။ လှကြွယ်ရေ မင်းသွား မယ်ဆိုရင် ငါ့ကိုပါ ခေါ်သွားခဲ့သင့်တာပေါ့ကွာ။မင်းမရှိဘဲနဲ့ ငါက ဘယ်လိုလုပ်နေခဲ့ရမတုန်း။


"ကဲ ဒါဖြင့်ရင် တစ်ယောက်ကို သုံးသောင်း လစဉ်ပုံမှန်စုပေးကြမယ်။ အဲဒါဆို ငါတို့က ၁၀ ယောက်ဆိုတော့ တစ်လသုံး သိန်းရမယ်။ အဲဒီပိုက်ဆံနဲ့ အဖေ့ကို ပြုစုဖို့ လူငှားကြမယ်။ ဘယ်လိုလဲ"


"အစ်ကိုကြီးက စီးပွားရေးကောင်းတော့ ပြောပေါ့။ ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့ စားရတာ။ တစ်ခါတလေ အလျဉ်မမီဘူး။


"ဟုတ်တယ်။ ကျွန်မဆိုရင်လည်း သားကိုကျောင်းမထားနိုင်သေးဘူး။ ကိုယ့်ဝင် ငွေကလည် မရှိတော့ ယောကျာ်းက ငြိုငြင် မှာ"


တစ်ယောက်တစ်ပေါက် အသံတွေ ထပ်ထွက်လာတယ်။ သားအကြီးဆုံးက ညှိနှိုင်းပေးပေမယ့် ဒါလည်း အဆင်ပြေ ကြမယ့်ပုံ မပေါ်ပါဘူးလေ။


"အေးဟေ့ စုချင် ပေးချင်ကြတဲ့သူ ကိုယ့် ဘာသာပဲ စုကြ၊ ပေးကြတော့။ မပေးလည်း နေကြတော့။ ငါလည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတာ ကလေးတွေကလည်း တစ်ပြုံကြီးအဆင်ပြေလောက်မယ့်နည်းကို ညှိပေးတာ။ ငါလည်း မသိတော့ဘူး"


သားအကြီးဆုံးရဲ့ စကားအဆုံးမှာ ကျုပ် ပါးပြင်ပေါ်ကို မျက်ရည်တို့က အတားအဆီးမရှိ လိမ့်ကျလာတယ်။ ဝဋ်ကြွေး ဝဋ်ကြွေး ကြောက်ဖို့ကောင်းလိုက်တာ။ အသက်ရှင် လျက် သေနေတာကြီး။ သားတို့ သမီးတို့ အဆင်ပြေစေဖို့အတွက် အဖေလည်း လိုက်သွားမှာပါ။ သားတို့ သမီးတို့နောက်ကို မဟုတ်ပါဘူး။ လှကြွယ် လှကြွယ်နောက်ကို အဖေလိုက်သွားမှာပါ။ စိတ်ချပါကွယ်။ အဖေ လိုက်သွားမှာပါ။ ။