သစ္စာတရားခိုင်မြဲမှု၏ သင်္ကေတ  အောက်ချင်းငှက် မျိုးစိတ်များမျိုးသုဉ်းမှု အန္တရာယ်

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)

 

အရေးကြီးသောငှက် မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာ နေရာဒေသ (Important Bird Area-IBA) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အန္တရာယ်နှင့် မျိုးသုဉ်းမှုအန္တရာယ်တို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသော ငှက်မျိုးစိတ်များနှင့် အခြား ဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားကြပြီး စနစ်တကျထိန်းသိမ်းရန် အရေးကြီးသည့် နေရာများဖြစ်သည်။

 

အောက်ချင်းငှက်သည် မြန်မာနိုင်ငံ၌  ရှားပါးစွာတွေ့ရသော တောရိုင်းတိရစ္ဆာန်များထဲတွင်  ပါဝင်ပြီး မြန်မာနိုင်ငံအတွင်း အမြဲနေထိုင်လေ့ရှိသော ငှက်အမျိုးအစားလည်းဖြစ်သည်။ မြန်မာနိုင်ငံအပြင် ကမ္ဘာပေါ်၌ အောက်ချင်းငှက်များ တွေ့ရှိနိုင်သော နေရာဒေသများမှာ အာဖရိက၊ အိန္ဒိယနိုင်ငံ၊ တရုတ် နိုင်ငံအနောက်တောင်ပိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှား နိုင်ငံတို့တွင်လည်း တွေ့ရှိရသည်။ ယင်းငှက်အား မြန်မာနိုင်ငံ၌ အများအားဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးရိုးမတောင်တန်းများနှင့် သစ်တောများ၌ တွေ့နိုင်သည်။

 

အောက်ချင်းငှက်သည် မျိုးစိတ်ပေါင်း ၁၅ မျိုး ခန့်ရှိပြီး မြန်မာနိုင်ငံတွင် အောက်ချင်းငှက် မျိုးစိတ်ပေါင်း ၁၀ မျိုးရှိပြီး အောက်ချင်း၊ အောက်ချင်းလည်နီ၊ လည်ဖြူအောက်ချင်းညို၊ အောက်ချင်းညို၊ အောက်ချင်းမျက်ကွင်းဖြူ၊ အောက်ချင်း ခေါင်းဖြူ၊ အောင်လောင်၊ အောက်ချင်းလည်ဝါ၊ ဂေါရင်၊ အောက်ချင်းမြီးရှည်တို့ဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံတွင် အောက်ချင်းငှက်၊ အောင်လောင် ငှက်နှင့် အောက်ချင်းမြီးရှည်ငှက် အမျိုးအစား အများဆုံး နေထိုင်ကျက်စားသည်။ အောက်ချင်းငှက်များမှာ ချင်းပြည်နယ်အတွင်း နေထိုင်ကျက်စားကြပြီး အောက်ချင်းမြီးရှည်ငှက်များကို တနင်္သာရီတိုင်းတွင် အများဆုံးတွေ့ရ ကာ ယင်းမျိုးစိတ်သည် မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်လည်းဖြစ်သည်။ အောင်လောင်ငှက်ကိုမူ မြန်မာပြည်နေရာအချို့နှင့် ချင်းပြည်နယ်တို့တွင် အောက်ချင်းငှက်ဟု ခေါ်ဆိုပြီး အခြားနေရာများတွင် အောင်လောင်ငှက်ဟု ခေါ်ဆိုကြသည်။

 

သားပေါက်ချိန်

 

အောက်ချင်းငှက်များသည် ဆောင်းအကုန်နွေအကူး ဇန်နဝါရီလမှ ဧပြီလအတွင်း ဥဥလေ့ရှိတတ်ကြပြီး တစ်ကြိမ်လျှင် ဥတစ်လုံးမှ သုံးလုံးအထိ ဥတတ်ကြသည်။ ဥဝပ်ချိန်သည် တစ်လခွဲမျှကြာမြင့်လေ့ရှိပြီး ၃၈ ရက်မှ ရက် ၄၀ အတွင်း သားပေါက်ကြသည်။ သားပေါက်သည့် အချိန်တွင် အမနှင့်သားပေါက်လေးသည် ပိတ်ထားသည့်အသိုက်ပေါက် ကိုဖောက်၍ အထီးဆီမှ အစာရရှိစေရန် ထပ်ခါထပ်ခါ အော်မြည်ကြသည်။ အထီးသည် ငါးလလောက်အထိ အမနှင့်သားငယ်ကို အစာကျွေးသည့်အပေါက်မှ အစာများကို အန်ကျွေးသည်။ သားပေါက်သောအခါ ဥဝပ်သည့်သစ်ပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျား၌ အသိုက်လုပ်နေလေ့ရှိကြ သည်။ အောက်ချင်းငှက်များ၏ ချစ်ခြင်းမေတ္တာတရားကြီးမားမှုနှင့် သစ္စာရှိမှုတို့သည် လွန်စွာလေးစားဖွယ် ကောင်းသော်လည်း ငှက်ထီးဖြစ်စေ၊ ငှက်မဖြစ်စေ အသက်ဘေးအန္တရာယ် ကြုံတွေ့နေရသည်ကိုတွေ့ရှိပါက လိုက်လံသေဆုံးလေ့ရှိသည်မှာ ရင်နင့်စရာကောင်းလှသည်။         

ထိန်းသိမ်းစောင့်ရှောက်ရေး

 

အောက်ချင်းငှက်ကို မြန်မာနိုင်ငံ၏ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ပါဝင်သည်။ အောက်ချင်းငှက်များ သားပေါက်ရာဒေသ တစ်ခုဖြစ်သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ် အတွင်းရှိ ဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို မီအေပီ တောင် အမျိုးသားဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ် မတ် ၁ဝ ရက်မှစတင်၍ လည်းကောင်း၊ ဖလမ်းမြို့နယ် အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ ၂၈ ဧကကို ဇိန်မှု တောင် အမျိုးသားဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ် မတ် ၁၁ ရက်မှ စတင်၍လည်းကောင်း၊ ထန်တလန်မြို့နယ် အတွင်းရှိ ဧရိယာ ၆၈၀၄ ဒသမ ၅၀ ဧကကို ကျီရီး ယန်းတောင်အမျိုးသားဥယျာဉ်အဖြစ် ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်မှ စတင်၍လည်းကောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က သတ်မှတ်ခဲ့သည်။

 

ရှားပါးမျိုးစိတ်နှင့် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော နို့တိုက်သတ္တဝါများနှင့် ငှက်မျိုး စိတ်များဖြစ်သည့် အောက်ချင်း၊ အောင်လောင်၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ ဇာမဏီငှက်၊ မြန်မာ တစ်ငှက်များ၊ အပင်မျိုးစိတ်များ၊ သစ်ခွမျိုးစိတ်များ တည်ရှိရာဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်တောင် ပိုင်း မင်းတပ်ခရိုင် မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်များအတွင်း တည်ရှိသည့် ဝိတိုရိယ (ခေါ် ) ခေါ်နူးစုမ် (ခေါ် ) နတ်မတောင် (အကျယ်အဝန်း ၁၇၆၂၀၂ ဧက)ကို ၁၉၆၃ ခုနှစ်တွင် ဘောလီမိုးကြိုး ဝိုင်းအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Impor-tant Bird Area (IBA) အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသား ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံအမွေအနှစ်အဖြစ်လည်း ကောင်း အဆင့်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့ကြသည်။

 

အလားတူ ၂၀၁၉ ခုနှစ်တွင် သစ်တောဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးအသင်း (BANCA)က ဦးဆောင်၍ အောက်ချင်းမြီးရှည်ငှက် ထိန်းသိမ်းရေးစီမံကိန်း လုပ်ငန်းများအတွက် သုတေသနပြုဆောင်ရွက်ရာ တနင်္သာရီ တိုင်းဒေသကြီး တောင်ဘက်ပိုင်းရှိ သစ်တောကြိုးဝိုင်းများသည် အောက်ချင်းမြီးရှည်ငှက် နေထိုင်ကျက်စားရာ အဓိကနေရာများအဖြစ် လေ့လာတွေ့ရှိခဲ့ကြသည်။

 

 ချင်းပြည်နယ်၏ အထိမ်းအမှတ် အောက်ချင်းငှက်များ မျိုးသုဉ်းပျောက်ကွယ်လာရခြင်း အကြောင်းရင်းမှာ ဒေသတွင်းရှိ ငှက်မုဆိုးတို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရောင်းချခြင်း၊ သစ်တောများ ပျက်စီးပြုန်းတီးလာမှုနှင့်ဒေသအလိုက် သဘာဝသားကောင်များ၊ သဘာဝသစ်တောများကို ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် အောက်ချင်းငှက်အား ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဒေသခံပြည်သူ များအားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ အောက်ချင်းငှက်များ လွတ်လပ်စွာ ရှင်သန်ခွင့်ရမည်ဖြစ်သည်။