သြစတြေးလျ တောမီးလောင်ကျွမ်းခဲ့တဲ့ ဒေသတွေမှာ မိုးသည်းထန်ရွာသွန်းနေ

၁၇ ဇန်နဝါရီ

 

သြစတြေးလျနိုင်ငံမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ နယူဆောက်ဝေး(NSW) ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာ နှစ်ရက်ရှိပြီဖြစ်ပါတယ်။ မိုးဆက်လက်ရွာသွန်းမယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

 

မိုးရွာသွန်းတဲ့အတွက် နယူဆောက်ဝေး(NSW) ပြည်နယ် မီးသတ်ဌာနက သူတို့ရဲ့လုပ်ငန်းတွင်းက ဖိအားတွေကနေ ဖြေလျော့ခဲ့ပေမယ့် မိုးကနေ တောမီးကို အပြီးတိုင် မငြိမ်းသတ် ပေးနိုင်တဲ့အတွက် မီးကြွင်းမီးကျန် အားလုံးကို ငြှိမ်းသတ်ရန် ဆက်လက်လုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ်။

 

ဒေသခံတွေကလည်း မိုးရွာသွန်းတဲ့အတွက် ပျော်ရွှင်နေကြသလို မိုးများများရွာသွန်းဖို့ လိုသေးတယ် ပြောဆိုကြပါတယ်။

 

သြစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲကျင်းပမယ့် မဲလ်ဘုန်းမြို့ကောင်းကင်ယံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ ကနေ ဗုဒ္ဓဟူးနေ့အထိ တောမီးက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းနေခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး မိုးရွာသွန်းတဲ့အတွက် ကောင်းကင်ယံကလည်း ကြည်လင်လာပြီဖြစ်ပါတယ်။

 

မိုးက နိုင်ငံတောင်ပိုင်းကနေ အရှေ့ပိုင်းကို ရွှေ့လျားသွားပါတယ်။ မိုးရွှေ့လျားရာ တောမီးလောင်ကျွမ်းနေတဲ့ ဗစ်တိုးရီးယားပြည်နယ်ရှိ ကောင်းကင်ယံမှာလည်း ကြည်လင်လာပြီလို့ ဗစ်တိုးရီးယားပြည်နယ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီကလည်း ပြောပါတယ်။

 

ဒီကနေ့ (သောကြာနေ့) နဲ့ ရုံးပိတ်ရက်တွေ အတွင်းမှာလည်း မိုးက ဆက်လက် ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ မိုးသာ ဆက်လက်ရွာသွန်းခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာကစပြီး တောမီးလောင်ရာ ဒေသတွေမှာ စိုစွတ်မှုကို အချိန်အတန်ကြာအောင် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP