သြစတြေးလျအစိုးရမှ တိုက်ရိုက်ချီးမြှင့်သော ပညာသင်ဆုနှင့်စပ်လျဉ်း၍ ဟောပြောပွဲ ကျင်းပ

နေပြည်တော် ၉ ဖေဖော်ဝါရီ

 

သြစတြေးလျအစိုးရမှ တိုက်ရိုက်ချီးမြှင့်သော ပညာသင်ဆု (Australia Awards Scholarships 2019 Intake) နှင့် စပ်လျဉ်းသည့် ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Lake Garden ဟိုတယ်၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ Scholarship Consultant Anna Greble နှင့် Senior Program Officer မဇာနည်ဝင်းတို့က Australia Awards Scholarships 2019 Intake နှင့်ပတ်သက်ပြီး စိတ်ဝင်စားသူတိုင်း Master Level ဘာသာရပ်များကို လျှောက်ထားနိုင်မှု၊ မိမိရွေးချယ်လိုသည့် ဘာသာရပ်နှင့်စပ်လျဉ်းပြီး သင်ကြားမည့်ကျောင်းများအား စုံစမ်းကာ ကိုယ်တိုင်ရှာဖွေ လျှောက်ထားနိုင်မှု၊ Scholar -ships လျှောက်ထားသည့်အခါတွင် IELTS , TOEFL ရမှတ် သတ်မှတ်ထားခြင်းမရှိမှု၊ အင်တာဗျူး အောင်မြင်ပြီးပါက သြစတြေးလျ ပညာသင်ဆုရရှိနိုင်မှု၊ ကျောင်းတက်ရောက်ခွင့် ရသူများအနေဖြင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၉ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် သြစတြေးလျနိုင်ငံတွင် စတင်သင်ကြားနိုင်မည့် အခြေအနေ၊ Scholarships program တက်ရောက်နိုင်ရန် Online မှ လျှောက်ထားရမည့်နည်းလမ်းများနှင့် လျှောက်လွှာတွင် ဖြည့်ရမည့် နည်းလမ်းများကို စိတ်ဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပြီး အဆိုပါသံရုံး Webside ဖြစ်သည့် http://myanmar.embassy.gov.au ၌ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ခြင်းတို့ကို ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းကြသည်။

 

Australia Awards Scholarships ပညာသင်ဆုနှင့်စပ်လျဉ်းသည့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်လက်ခံလျက်ရှိပြီး  ဧပြီ ၃၀ ရက်အထိ လက်ခံသွားမည်ဖြစ်ကာ ယခုကဲ့သို့ ဟောပြောပွဲ ( Information Session)များကို မန္တလေးရှိ Hotel Mandalay ၌ ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ တောင်ကြီးမြို့ရှိ Royal Taunggyi ၌ ဖေဖော်ဝါရီ ၁၂ ရက် တွင်လည်းကောင်း ရှင်းလင်းဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)