သြစတြေးလျတောမီး ငြိမ်းသတ်နေစဉ် ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

၁၃ နိုဝင်ဘာ

 

သြစတြေးလျနိုင်ငံ မြောက်ပိုင်းက တောမီးကို ငြိမ်းသတ်နေစဉ် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးက ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း သိရပါတယ်။

 

ရဟတ်ယာဉ်ပေါ်ကနေ ရေဗုံးကျဲဖို့ လုပ်ဆောင်စဉ်မှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်ကြောင်း၊ အဲဒီနေရာကို ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီး ပို့ဆောင်ထားကြောင်း၊ ဒဏ်ရာရရှိတဲ့ လေယာဉ်မှူးကို တူးဝူးမ်ဘာ ဆေးရုံကို ပို့ဆောင်ထားကြောင်း ကွင်းစ်လန်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းနဲ့ နယူးဆောက်ဝေး ပြည်နယ်တွေမှာ နေရာ ၁၅၀ လောက်ဟာ မီးဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။

 

နယူးဆောက်ဝေး ပြည်နယ်မှာ မနေ့က အိမ်ခြေ ၅၀ လောက် မီးစွဲလောင်ကျွမ်းခဲ့ပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိပေမယ့် သေဆုံးသူ မရှိကြောင်း သိရပါတယ်။ စက်တင်ဘာလ ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ နယူးဆောက်ဝေး ပြည်နယ်က တောမီးဟာ ဧကပေါင်း ၁.၁ သန်းခန့် လောင်းကျွမ်းပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့ သောကြာနေ့က စတင်ပြီး လောင်ကျွမ်းခဲ့တဲ့ နယူးဆောက်ဝေးနဲ့ ဆစ်ဒနီ မြောက်ပိုင်းရှိ အမျိုးသား ဥယျာဉ်နယ်စပ်မှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကတော့ လူနေထူထပ်တဲ့ နေရာတွေမှာ လောင်ကျွမ်းတာ ဖြစ်တဲ့အတွက် အိမ်ခြေ ၂၀၀ အထိ မီးလောင်ကျွမ်းပြီး သုံးဦး သေဆုံးခဲ့ပါတယ်။

 

သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက သြစတြေးလျရဲ့ တောမီးဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် အချိန်အရှည်ကြာကြီးနဲ့ ပိုမိုလောင်ကျွမ်းနေတာပါလို့ ပြောပါတယ်။ မိုးလေဝသ ဌာနကလည်း  ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၇ ခုနှစ်က တတိယနဲ့ စတုထ္တအကြိမ် အပူချိန် အမြင့်ဆုံးဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ဟာ တစ်နိုင်ငံလုံး အနေနဲ့ အပူဆုံး နွေရာသီကို တွေ့ကြုံရတယ်လို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

 

MDN

ကိုးကား - AFP