သဒ္ဓါ ဝီရိယတို့ဖြင့်

အနာမျိုးကိုးဆယ့်ခြောက်ပါးမှ ကင်းဝေးပါစေဟူသော ဆုတောင်းသည် မြန်မာ့လူမှုဝန်းကျင်တွင် အလေးထားပေးနေကျ မေတ္တာ ဆုလာဘ်တစ်ပါးဖြစ်၏။ အထူးအားဖြင့် လူငယ်တို့ပြုခဲ့သော ကောင်းမှုကုသိုလ်တစ်ခုခုကို အကြောင်းပြု၍ လူကြီးများက ပေးလေ့ရှိသော ဆုဖြစ်၏။ လူတစ်ယောက် အသက်ရှင်သန်နေမှု၏ တန်ဖိုးသည် ကျန်းမာခြင်းနှင့် တွဲလျက်ယှဉ်ကာရှိနေသည့် သဘော။ ထို့ပြင်မကျန်းမမာဖြစ်သည်ဟုဆိုလျှင် သို့တည်းမဟုတ် တစ်စုံတစ်ရာသော အနာရောဂါရှိလာသည်ဆိုလျှင်၊ ကူးစက်ရောဂါ ရှိလာနိုင်သည်ဟုဆိုလျှင် ဘုရားဆေး၊ တရားဆေး၊ သမားဆေးဟူသည့် ဆေးသုံးမျိုး၏ စွမ်းအားဖြင့် ရောဂါဘယမှ ကင်းဝေးသက်သာပျောက်ကင်းမည်ဟု ယုံကြည်သည့် ယဉ်ကျေးမှုလည်း ရှိ၏။

 

များစွာသောလူတို့ မကျန်းမမာဖြစ်သည့်အခါ၊ နေထိုင် မကောင်းဖြစ်၍ ရောဂါဘယနှင့် ကြုံရသည့်အခါ၊ သို့မဟုတ် ရောဂန္တရကပ်ဘေးနှင့် နီးနီးနားနား ကြုံကြ၍ မိမိထံသို့လည်း ကူးစက်လာနိုင်သည်ဟု ခံစားသိရှိရသည့်အခါ မိမိတို့ ကိုးကွယ် ယုံကြည်ရာ ဘာသာတရားကို စိတ်နှလုံးသွင်းကာ ကောင်းမှုကုသိုလ်ပြုကာ ကျန်းမာစေရေး ရောဂါဘယ ကင်းပစေရေး ဆုမွန်တောင်းကြလေ့ရှိ၏။

 

အထူးဂရုစိုက်၍ စိတ်နှလုံးကောင်းသွင်းကာနေကြ၏။ မိမိတို့ပြုလုပ်သော ကောင်းမှု၊ မကောင်းမှုတို့သည် တူညီသော အကျိုးကို ဖြစ်စေမည့်အကြောင်းဟူ၍ ယုံကြည်ကြ၏။ ကောင်းမှုကုသိုလ်များများ ပြုကြခြင်းသည် မိမိတို့အတွက် ကောင်းမှုအကျိုးများကို ဖြစ်စေမည့် အထောက်အပံ့များဟူ၍ ယုံကြည်ကြ၏။ ထိုယုံကြည်မှုပေါ်တည်၍ ကောင်းသော အကြံအစည်၊ ကောင်းသော အပြောအဆို၊ ကောင်းသော အပြုအမူတို့ကို လုပ်ဆောင်ကြ၏။

 

ယုံကြည်မှုအခြေခံဖြင့် ရောဂါဘယနှင့် ကပ်ဘေးအန္တရာယ်ကို ကုစားကြခြင်းဖြစ်၏။ ဤသို့အားဖြင့် အနာရောဂါ ကပ်ဘေးတို့က ကောင်းမွန်စွာ လွတ်မြောက်နိုင်မည်ဟုလည်း ယုံကြည်ကြ၏။ ယုံကြည်မှုဖြင့် ကုစားခြင်း။

 

ပြီးနောက်၊ ထိုမကျန်းမာရသည့် အကြောင်းရင်းနှင့် ထိုရောဂါဘယမှ ကင်းဝေးသက်သာ ပျောက်ကင်းရေးအတွက် မိမိ၏ အနေအထိုင် အပြုအမူ အစားအသောက် စသည်တို့ကို ဂရုပြုဆင်ခြင်ကြ၏။ ရောဂါနှင့် သက်ဆိုင်ရာတို့ကို နားလည် တတ်ကျွမ်းသော ဆေးရုံဆေးခန်းဆရာဝန်တို့ကို စုံစမ်းဆန်းစစ်ကြ၏။ မိမိ၏ မကျန်းမာရခြင်း၊ ဝန်းကျင်အနေအထား၊ ရင်းမြစ်တို့ကိုသိအောင် ကြောင်းကျိုးဆင်ခြင် ဆက်စပ်တွေးဆ၏။ ကံ၊ စိတ်၊ ဥတု၊ အာဟာရကို သင့်လျော် ညီညွတ်အောင်ပြုပြင်၏။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးကို တည်ငြိမ်အောင်ထားကာ အပြစ်မဖြစ်အောင် နေထိုင်၏။ ဥတုဝန်းကျင် အခြေအနေတို့ကို နားလည်အောင် ကြိုးစား၏။ လိုက်ဖက်သင့်လျော်မည့် အနေအထိုင်၊ အစားအသောက်၊ အပြုအမူတို့ကို အားထုတ်၏။ ဉာဏ်ဖြင့် ချင့်ချိန်၏။ သတိဖြင့် စောင့်ကြပ်၏။ ကျရောက်လာသော အနာရောဂါအတွက် မှန်ကန်သော စိတ်နေသဘောထား၊ မှန်ကန်သော ပြောဆိုပြုမူမှုတို့ဖြင့် တုံ့ပြန်ခြင်းပင် ဖြစ်၏။

 

ထို့နောက်တွင်မူ နားလည်တတ်ကျွမ်းသူတို့၏ ကုသမှုကို ခံယူ၏။ လိုအပ်သည့် စစ်ဆေးမှုတို့ကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း လုပ်၏။ ဆေးထိုးရန်လိုက ထိုး၏။ ခွဲစိတ်ရမည့်ကိစ္စရှိလာလျှင် ခွဲစိတ်၏။ ဆရာဝန့်စကားကို နားထောင်ကာ ရှောင်ရန်တို့ကို ရှောင်၍၊ ဆောင်ရန်တို့ကို ဆောင်၏။ ဆရာဝန်တို့ပေးသောဆေးကို သောက်၏။ ကျွမ်းကျင်သူတို့၏ အဆုံးအမသင်ကြားမှုကို နားစိုက်ကာ ရောဂါဘယမကပ်ရောက်ရေး၊ ကင်းစင်ရေးတို့ကို ဂရုတစိုက် လိုက်နာ၏။ ယနေ့လို ကူးစက်ရောဂါဘေးနှင့် ကြုံရချိန်တွင် လက်ကိုမှန်မှန်နှင့် စနစ်တကျ ဆေးခြင်း၊ လူစုလူဝေး အတွင်းသို့ မသွားခြင်း၊ အတတ်နိုင်ဆုံး အိမ်တွင်းတွင်သာ နေထိုင်ခြင်း၊ မဖြစ်မနေထွက်ရ သွားရမည်ဆိုလျှင်လည်း နှာခေါင်းစည်း အကာအကွယ်တို့ဖြင့်သာ သွားခြင်း စသည်ကဲ့သို့သော လိုက်နာရမည့် စည်းမျဉ်းတို့ကို လိုက်နာခြင်းမျိုး ဖြစ်ပေသည်။

 

ထိုထိုသော ဘုရားဆေး၊ တရားဆေး၊ သမားဆေးတို့ကို ယုံကြည်မှုမှန်မှန်၊ အသိဉာဏ်မြင့်မြင့်၊ ဆင်ခြင်တိုင်းဆမှုမှန်မှန်၊ အသိ သတိကောင်းစွာထား၍ နေထိုင်ပြုမူ အားထုတ်လုပ်ဆောင်ကြခြင်းဖြင့် ကျန်းမာချမ်းသာ အနနာဘယ ကင်းဝေးစွာ ကပ်ရောဂါကာလကို အောင်မြင်ကျော်လွှားနိုင်ကြပါစေသတည်း။     ။