သောက်ရေရှားပါးသော ကျေးရွာများအား သန့်ရှင်းသောသောက်ရေ သိုလှောင်နိုင်စေရန် မိုးရေခံ ကွန်ကရစ်ကန် ဂါလန်(၂၀၀)ဆံ့ အလုံး(၁၀၀) လွှဲပြောင်းပေးအပ်

ဆင်ပေါင်ဝဲ မေ ၂၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သောက်ရေရှားပါးသော ကျေးရွာများအား သန့်ရှင်းသောသောက်ရေ သိုလှောင်နိုင်စေရန် ရည်ရွယ်၍ စစ္စေးချောင်းကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံ ကွန်ကရစ်ကန် အလုံး (၁၀၀) ဆောင်ရွက်ပေးခဲ့ရာ မေ ၂၂ ရက်က မင်းကန်ကျေးရွာ၊ အ.လ.ကကျောင်းတွင် အဆိုပါကွန်ကရစ်ကန်များအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အမှာစကားပြောကြားပြီး မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဇော်လတ်မှ မိုးရေခံ ကွန်ကရစ်ကန်များ ပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မိုးရေခံ ကွန်ကရစ်ကန် အလုံး(၁၀၀)နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူးတို့မှ လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)