သောက်သုံးရေ ဖြန့်ဝေပေးမှုစနစ်သစ်နှင့် ရန်ကုန်မြို့

မိုးမြင့်လင်းလက်
 

လူနေထိုင်မှု တိုးပွားလာသည့် ရန်ကုန်မြို့တွင် နေ့စဉ်မရှိမဖြစ် လိုအပ်သောအရာများ၌ သောက်သုံးရေက ရှေ့ဆုံးမှ ပါဝင်နေသည်။ ရန်ကုန်မြို့တွင် စက်ရုံအလုပ်ရုံ ပေါများလာမှု၊ လူနေအိမ်ခြေ တိုက်တာများ တစ်နေ့တခြား များပြားလာမှုနှင့်အတူ ရန်ကုန်မြို့နေ ပြည်သူများအတွက် နေ့စဉ်သောက်သုံးရေ ဖူလုံစွာ ရရှိအသုံးပြုနိုင်ရေးမှာ အရေးတကြီး လိုအပ်လျက်ရှိရာ တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများအပါအဝင် ဂျပန် နိုင်ငံကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေး လျက်ရှိသည်။

 

ရေသန့်စင်တဲ့ နည်းပညာ


“ရန်ကုန်မြို့က မည်သည့်ဘုံဘိုင်ကိုမဆို ဖွင့်လိုက်တာနဲ့ သောက်သုံးလို့ရနိုင်အောင် ရည်ရွယ်ပြီး ရေသန့်စင်တဲ့ နည်းပညာကို ဂျပန်နိုင်ငံက အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ ဖူကူအိုကာမြို့က အကူအညီပေးသွားမှာ ဖြစ်ပါတယ်”လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့တော်ခန်းမမှာ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့နှင့် ရန်ကုန်မြို့ အကြားတွင် ရေပေးဝေရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
ထို့အတူ ယင်းလက်မှတ်ရေးထိုးပွဲတွင် ဖူကူအိုကာမြို့တော်ဝန် Mr. Soichiro Takashima က “ရေသန့်စင်ရေးလုပ်ငန်း တွေကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် သွားမယ်။ နောင်တစ်ချိန်မှာ ရန်ကုန်မြို့သူ မြို့သားတွေ ရေသန့်ဝယ်ယူစရာ မလိုတော့ ဘူး။ ရေဘုံဘိုင်တွေကို ဖွင့်လိုက်တာနဲ့ အလွန်သန့်စင်ပြီး အသင့်သောက်သုံးနိုင်တဲ့ ရေတွေရနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ကူညီ ပေးသွားမယ်”ဟု ပြောသည်။


ရေလေလွင့်ဆုံးရှုံးမှုလျှော့ချ


လက်ရှိအခြေအနေတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအနေဖြင့် ရေပေးဝေရေး စနစ်နှင့်ပတ်သက်ပြီး ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီဖြစ်သည်။ ထိုသို့ လွှဲပြောင်းလုပ်ကိုင်မှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကွက်အလိုက် စမ်းသပ်ဆောင်ရွက်နေပြီဖြစ်သည်။ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁)ရပ်ကွက်များတွင် ရေလေလွင့်ဆုံးရှုံးမှု လျှော့ချရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ပြည်သူများသိရှိရန် အောက်ခြေဆင်းပြီး တာဝန်ရှိသူများက ရှင်းပြခဲ့ကြသည်။ ထို့အတူ ရန်ကုန်မြို့ အခြားမြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။


လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်


ရန်ကုန်မြို့နေ ပြည်သူများအတွက် ဇုန်အလိုက် ရေဖြန့်ဝေပေးမည့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ် ဩဂုတ် ၂၇ ရက်က အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပြီး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေပြီဖြစ်သည်။
“ရန်ကုန်မြို့ သောက်သုံးရေဖြန့်ဝေရေး လုပ်ငန်းမှာ ရေခိုးသွယ်မှုနဲ့ ရေအလေအလွင့်၊ ဆုံးရှုံးမှုတွေ ရှိနေတာမို့ ရေအလေအလွှင့် နည်းပါးစေဖို့ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း” ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောထားသည်။


လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ ရေဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွင် မြို့တော်စည်ပင်သာယာရေးက ရေလေလွင့်ဆုံးရှုံးမှုကို ၆၀ ရာခိုင်နှုန်းခန့်သာ ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့နေ ပြည်သူများ သောက်သုံးရေ နေ့စဉ်ဖူလုံစွာ ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ ရေပေးဝေရေးစနစ် တစ်ခုလုံး ပြောင်းလဲပြီး ဇုန် ၁၀ ဇုန် ခွဲခြားသတ်မှတ်ကာ ရေပေးဝေ ဖြန့်ဖြူးတော့မည်ဖြစ်သည်။ ထိုသို့ ဇုန်အလိုက် ရေပေးဝေနိုင်ရန် ရေလှောင်ကန်များ၊ ရေစုပ်စက်များ စသည့် ပစ္စည်းများ စုဆောင်းခြင်းကို ရေပေးဝေရေးစနစ်သစ်အတွက် စတင် ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။


ရေပေးဝေမှုစနစ်ပြောင်း


“ကျွန်မတို့က နေ့စဉ်သောက်သုံးရေကို ပုံမှန်ဖြန့်ဖြူးပေးနိုင်ဖို့နဲ့ ဖူလုံအောင်ရရှိဖို့ လိုအပ်ပါတယ်။ သောက်သုံးရေက လူတိုင်း၊ အိမ်ထောင်စုတိုင်းအတွက် နေ့စဉ်မရှိမဖြစ်ဆိုတော့ ကောင်းမွန်စေချင်ပါတယ်။ သောက်ရေသန့်အထိ ရရှိမယ်ဆိုရင်တော့ နေ့စဉ်ကုန်ကျစရိတ်လည်း သက်သာသွားတာပေါ့။ အခုလို ရေပေးဝေမှုစနစ် ပြောင်းလိုက်တာ ကောင်းပါတယ်”လို့ မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်မှာ နေထိုင်သည့် ဒေါ်ဖြိုးဝေက ပြောပြသည်။


ဇုန်အလိုက် ရေပေးဝေမှု အစီအစဉ် စတင်မှုအဖြစ် ကမ္ဘာအေးဘုရားလမ်းတွင် JICA ၏ အထောက်အပံ့ဖြင့် ရေပိုက်လိုင်းတစ်ခု ဆောင်ရွက်ထားပြီးဖြစ်ကာ ရေသန့်စင်စက်ရုံများ တည်ဆောက်ရန်လည်း စီစဉ်နေပြီဖြစ်သည်။ တစ်ဖန် ဂျပန်အခြေစိုက် ဂျေစီကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ပိုက်များသွယ်တန်းခြင်း၊ ရေမီတာများ တပ်ဆင်ခြင်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစတင်ပြီး အကောင်အထည် ဖော်တော့မည်ဖြစ်ရာ ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်။


ရန်ကုန်မြို့တွင် လက်ရှိ ရေဖြန့်ဝေပေးရာ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈ ကောက်ခံနေပြီး စီးပွားရေးသုံးအတွက် ရေမီတာတစ်ယူနစ်လျှင် ငွေကျပ် ၁၂၀ ကောက်ခံ နေကြောင်း သိရသည်။


ရေလေလွင့်ဆုံးရှုံးမှုပမာဏများပြား


“လက်ရှိရေပေးဝေမှုပမာဏက ၄၅ ရာခိုင်နှုန်းခန့်သာ ရှိနေပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ ၉၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်က ပြောထားသည်။ ရေဖြန့်ဝေပေးမှုတွင် ရေလေလွင့်ဆုံးရှုံးမှုပမာဏ များပြားနေခြင်းဖြစ်ရာ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေ ခြင်းဖြစ်သည်။ နိုင်ငံတကာမြို့ကြီးများတွင် ရေလေလွင့်ဆုံးရှုံးမှုနှုန်းမှာ ၂ ဒသမ ၅ ရာခိုင် နှုန်းခန့်သာရှိကြောင်း သိရပြီး ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၏ ရေဖြန့်ဖြူးပေးမှုတွင် လေလွှင့်ဆုံးရှုံးမှုမှာ ၂ ရာခိုင်နှုန်းခန့်သာ ရှိသဖြင့် ကမ္ဘာတွင် ရေလေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

နေ့စဉ်ရေဂါလန် ၂၀၅ သန်းခန့်ရှိ


ရန်ကုန်မြို့နေ ပြည်သူများအတွက် လက်ရှိအခြေအနေတွင် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်(၁)၊ ငမိုးရိပ်(၂) ရေလှောင်ကန်တို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေတွင်းများမှလည်းရယူကာ သောက်သုံးရေများ ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ် ရေဂါလန် ၂၀၅ သန်းခန့် ရှိကြောင်း သိရသည်။

 

ဆက်လက်ပြီး လဂွန်းပြင်နှင့် ကုက္ကိုလ်ဝ ရေပေးဝေရေးစီမံကိန်းတို့ကလည်း လာမည့် ၂၀၂၇ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ ထန်းတပင်မြို့ရှိ ကုက္ကိုလ်ဝမြစ် ရေသန့်စင် ပေးဝေရေးစီမံကိန်းမှာ လာမည့် ၂၀၂၅ ခုနှစ်၌ ပြီးစီးမည်ဟု မျှော်မှန်းထားရာ ယင်းစီမံကိန်းမှ သောက်သုံးရေများကို လှိုင်သာယာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ တာမွေ၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင် စသည့်မြို့နယ် များကို ရေဖြန့်ဖြူးပေးနိုင်ရေး စီစဉ်သွားမည် ဖြစ်သည်။

 

စနစ်တကျဖြစ်လာ


ရန်ကုန်မြို့ ရေပေးဝေမှုစနစ်၊ ရေသန့်စင်မှု၊ ရေမီတာအသုံးပြုမှု၊ ရေပိုက်လိုင်းသွယ်တန်းမှု၊ ချိတ်ဆက်မှု နည်းပညာများကို ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှ ရယူပြီး JICA ကလည်း ရှေ့ပြေးစီမံချက်အဖြစ် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်တွင် စမ်းသပ်လုပ်ဆောင်နေပြီဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ဇုန်အလိုက် ရေပေးဝေရေး လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများလို ခွင့်ပြုပေးရန် ဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်မြို့ သောက်သုံးရေဖြန့်ဝေပေးမှု စနစ်တကျ ဖြစ်လာပြီး ရေလေလွင့် ဆုံးရှုံးမှုများကလည်း လျော့နည်းသွားတော့မည်ဖြစ်သဖြင့် ပြည်သူများ သောက်သုံးရေကို ဖူလုံစွာ အသုံးပြုနိုင်တော့မည်မှာ အမှန်ပင်ဖြစ်သည်။ ။

 

မြန်မာ့အလင်း