သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး  အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

မြောင်းမြ   ၂၄   ဇူလိုင်  


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြို့ပေါ်ရပ်ကွက်များ၌  မြောင်းမြမြို့ပြည်သူ့ကျန်းမာ ဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပိုးလောက်လမ်းနှင့် ခြင်ပေါက်ဖွားမှု မရှိစေရန် အဘိတ်ဆေး ခတ်ပေးခြင်း လုပ်ငန်းကို ယနေ့  နံနက်ပိုင်းက ရပ်ကွက်များအတွင်း လိုက်လံ ဆောင်ရွက်ခဲ့သည်။


"သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဖြစ်စေတဲ့ ပိုးလောက်လန်းတွေ မပေါက်ပွားအောင် အဘိတ်ဆေး ခပ်ခြင်းဖြစ်ပါတယ်၊ မိမိတို့အိမ်မှာ ဘုရားညောင်ရေအိုးတွေ ကို ရေအမြဲလဲပေးပါ၊ ရေအိုင်ရေဗွက်၊ ရေတင်နေစရာတွေမှာ ခြင်မပေါက်ပွားအောင် ဆောင်ရွက်ဖို့လိုပါတယ်" ဟု မြို့နယ်ပြည်သူ့ကျန်းမာဌာနမှ သားဖွားဆရာမ ဒေါ်နော်ဆာခီးက ပြောသည်။


အဆိုပါ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းကို မြောင်းမြမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအဆင့်တို့တွင် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ စေတနာရှင်အဖွဲ့များနှင့် ပူးပေါင်း၍  အမျိုးသားရေး အသွင်ဖြင့် နေအိမ်များရှိ ရေကန်များ၊ ရေတိုင်ကီများ၊ ပန်းအိုးများကိုပါ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်၍ အဘိတ်ဆေးခတ်ပေးပြီး နေအိမ်ပတ်ဝန်းကျင်ရှိ ရေမြောင်းများအား စစ်ဆေး၍ ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


‌အောင်မင်း (မြောင်းမြ)