သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

ကျောက်မဲ   ၁၆  မေ 


ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို မေ ၁၆  ရက် နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူး ဦးတင်လှိုင်၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဇီဝါထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မိုးဦးကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် တစ်အိမ်တက်ဆင်း အသိပညာပေး ဆွေးနွေးရှင်းလင်းပြီး နေအိမ်များရှိ ရေအိုး၊ ရေစည်၊ ရေတိုင်ကီ၊ ရေလှောင်ကန်များထဲသို့ အဘိတ်ဆေးခတ်ပေးခြင်းကို ကွင်းဆင်းဆောရွက်ခဲ့ကြောင်း သိရသည်။


ကျန်းမာရေးဦးစီးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မေလ ဒုတိယပတ်မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ကျောက်မဲခရိုင်ပြန်/ဆက်