သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု  မြင့်တက်လာတဲ့  လာအို၊ ကမ္ဘောဒီးယား၊  ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်

 

လင်းလက်ကြယ်

 

ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ခြင်ပေါက်ပွားမှုနှုန်း မြင့်တက်လာတာနဲ့အမျှ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းကလည်း တစ်နေ့တခြား ပိုမိုများပြားလာတာကို ကမ္ဘာ့သတင်းမီဒီယာ စာမျက်နှာတွေမှာ အကျယ်တဝင့် တွေ့နိုင်ပါတယ်။  အထူးသဖြင့် လာအို၊ ကမ္ဘောဒီးယား၊  ဗီယက်နမ်၊ ဆူဒန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုကြည့်ရင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

 

လာအိုနိုင်ငံတစ်ဝန်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့

 

လာအိုနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားမှု ၃၂၃၆၄ ခုရှိတယ်လို့ လာအို  ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   ဒါဟာ ၂၀၂၁ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၁၄၀၀ ရှိခဲ့ရာကနေ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၂၂ ခုနှစ်မှာ လာအိုနိုင်ငံ တစ်ဝန်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လာအိုကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဆိုင်ရာ ပြန်ကြားရေးနဲ့ ပညာရေးစင်တာရဲ့ မကြာသေးမီက ထုတ်ပြန်တဲ့ အချက်အလက်အရ သိရပါတယ်။

 

မြို့တော်ဗီယင်ကျန်းမှ အများဆုံးဖြစ်

 

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု အများဆုံးမှာ မြို့တော်ဗီယင်ကျန်းမှ ဖြစ်ကာ ကူးစက်ခံရသူပေါင်း ၁၅၃၅၈ ဦးအထိရှိပြီး ၎င်းနောက်မှာ လောင်နမ်သာပြည်နယ်မှာ ၄၈၉၉ ဦးနဲ့ လောင်ဘရာဘန်းပြည်နယ်မှာ ၁၇၅၉ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၂၄ ဦးမှာ မြို့တော် ဗီယင်ကျန်း နဲ့ အက်တာပူးပြည်နယ်မှ ခြောက်ဦးစီ၊ လောင်နမ်သာပြည်နယ်မှ ငါးဦး၊ ဆာရာ ဗန်ဒေသမှ သုံးဦး၊ ရှောင်ကောင်းဒေသမှ နှစ်ဦး၊ ဆီခုန်ဒေသနဲ့ အူဒွမ်ဇေဒေသမှ တစ်ဦးစီပါဝင်တယ်လို့ သိရပါတယ်။

 

ဆေးဝန်ထမ်းတွေထံမှ အကြံဉာဏ်ရယူဖို့ အကြံပြုထား

 

အဲဒါကြောင့် သွေးလွန်တုပ်ကွေး ရောဂါနဲ့ ကြိုတင်ကာကွယ်ရေး အသိပညာပေးမှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြား လှုပ်ရှားဆောင်ရွက်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေကို လာအိုကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သား နာကျင်ကိုက်ခဲ ဝေဒနာခံစားရသူတိုင်း ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူဖို့နဲ့ ဆေးဝန်ထမ်းတွေထံမှ အကြံဉာဏ်ရယူဖို့ အဆိုပါဝန်ကြီးဌာနက အကြံပြုထားပါတယ်။ ဒါ့အပြင် လူနာတွေအနေနဲ့လည်း ဆရာဝန်ညွှန်ကြားစာမပါဘဲ ဆေးဝယ်ယူ သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြသင့်တယ်လို့ အကြံပြုထားပါတယ်။

 

ကမ္ဘောဒီးယားမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၁၂၅၀၀ ရှိ

 

သွေးလွန်တုပ်ကွေးရောဂါကို လာအိုနိုင်ငံအပြင် အာဆီယံဒေသတွင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာလည်း အဖြစ်များတာ တွေ့ရတယ်။

 

ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၂၂ ခုနှစ် အတွင်းမှာ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ၁၂၅၀၀ ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်က ကူးစက်ဖြစ်ပွားခဲ့တဲ့ ၁၈၁၁ ခုကနေ တိုးလာတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာရခြင်းမှာ နိုင်ငံတစ်ဝန်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနဲ့ တစ်နှစ်ပတ်လုံးမိုးရွာသွန်းမှုကြောင့် ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရှိ ကပ်ပါးဗေဒ၊ ပိုးမွှားဗေဒနဲ့ ငှက်ဖျားရောဂါထိန်းချုပ်ရေး အမျိုးသား ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး လောင်ရီသီယာက ပြောပါတယ်။

 

ကလေးငယ် ၁၉ ဦးထက်မနည်းသေဆုံးခဲ့

 

ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ရှစ်ဦးသာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာ အဲဒီရောဂါကြောင့် ကလေးငယ် ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ ဒေသတွင်း အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

mdn

 

အေးဒီးစ်ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်

 

သွေးလွန်တုပ်ကွေးရောဂါဟာနေ့ခင်းဘက်မှာကိုက်တဲ့ အေးဒီးစ်ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက် ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်တာကြောင့် သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များတဲ့နေရာမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေကို သွေးလွန်တုပ်ကွေး ခြင်နှိမ်နင်းရေး အဘိတ်ဆေးကို ဗဟိုဌာနအနေနဲ့ ဆက်လက်ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း လောင်ရီသီယာက ပြောပါတယ်။

 

သွေးလွန်တုပ်ကွေးရောဂါဟာ ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မောပန်းခြင်း၊ ကြွက်သားနဲ့ အဆစ်အမျက်တွေ နာကျင်ခြင်း၊ ဂလင်းတွေ ရောင်ရမ်းခြင်း၊အော့အန်ခြင်းနဲ့ ယားယံခြင်းတွေအပြင် ပြင်းထန်တဲ့ အဖျားရောဂါအထိ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ သွေးလွန်တုပ်ကွေး ရောဂါအဖြစ်အများဆုံးကာလမှာ မိုးရာသီဖြစ်တဲ့ မေလမှ အောက်တိုဘာလအထိလို့ သိရပါတယ်။

 

ဗီယက်နမ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၃၃ ဦးရှိ

 

လာအိုနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အပြင် သွေးလွန်တုပ်ကွေးရောဂါကို နောက်ထပ် အာဆီယံဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း ကူးစက်သေဆုံးမှုများတာ တွေ့ရတယ်။ ဗီယက်နမ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၃၅၄၂၈၂ ဦးအထိ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း လာအို နဲ့ ကမ္ဘောဒီးယားကို ကျော်လွန်ကာ ၁၃၃ ဦးအထိရှိတာ တွေ့ရတယ်။

 

ဗီယက်နမ်နိုင်ငံရဲ့ သွေးလွန်တုပ်ကွေး ရောဂါကူးစက်မှုဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ငါးဆလောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူ အရေအတွက်ကလည်း ၂၀၂၁ ခုနှစ်မှာ ၁၀၇ ဦးသာ ရှိခဲ့ရာမှာ ၂၀၂၂ ခုနှစ်မှာ ၁၃၃ ဦးအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

 

ဆူဒန်နိုင်ငံမှာလည်း သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိတယ်လို့ မကြာသေးမီက ထုတ်ပြန် ထားပါတယ်။ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတွင်းရှိ ပြည်နယ်ကိုးခုမှ သေဆုံးသူ ၂၆ ဦး၊ အတည်ပြုရောဂါကူးစက်ခံရတဲ့ လူနာ ၄၆၂ ဦးနဲ့ သံသယလူနာ ၃၄၃၆ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂကတော့ အောက်တိုဘာလ နောက်ပိုင်း ဆူဒန်နိုင်ငံမှာ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၀၆၈ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားဒေ့ရှ်မှာ  သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ  ၂၁၃ ဦးထက် မနည်းရှိ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူပေါင်း ၂၁၃ ဦးထက် မနည်းရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၄၉၉၂၂ ဦးရှိပြီး ၄၆၉၂၈ ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ပေါင်း ၂၈၄၂၉ ဦးသာရှိခဲ့ပြီး သေဆုံးသူ ပေါင်းမှာလည်း ၁၀၅ ဦးသာ ရှိတယ်လို့ သိရပါတယ်။ ။

 

ကိုးကား - ဆင်ဟွာ