သြဂုတ်လ အတွင်းတွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၆ မြို့နယ်၌ မြစ်ရေများ စိုးရိမ်ရေမှတ်ထက်သို့ရောက်နိုင်

မန္တလေး ၃၀ ဇူလိုင်


ဩဂုတ်လ အတွင်းတွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၆ မြို့နယ်၌ မြစ်ရေများ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)မန္တလေးဌာနခွဲမှ သိရသည်။

 

1

 


လာမည့် ၁၀ ရက်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် သုံးပေမှ ခြောက်ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် တစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်းသိရသည်။


ထို့ပြင် ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် သုံးပေမှ ခြောက်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။


"ဒီနေ့နေ့လယ် တိုင်းထွာချက်တွေအရ တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်နေတယ်။ အနောက်မြောက်ဘက် ဟိုင်နန်ကျွန်းဘက်ကို ရွေ့လျားနိုင်ပြီး ဩဂုတ်လဆန်းရက်တွေမှာ မုတ်သုံလေအင်အား လက်ရှိထက် ပိုကောင်းလာနိုင်ပါတယ် " ဟု အဆိုပါ ဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။


သြဂုတ်လအတွင်းတွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်သို့ ကျော်လွန်နိုင်ပြီး  ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ ကျော်လွန်နိုင်ကြောင်း သိရသည်။


ထို့ပြင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်ထိ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နိုင်သည်။


သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည်ငါးသိုင်း ချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် တစ်ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။


သူရိန်လင်း