“A SHORT FILM ABOUT LOVE” ရုပ်ရှင်ဇာတ်ကားကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုအစီအစဉ် ပြုလုပ်မည်

ရန်ကုန်  ၂၉   ဩဂုတ် 

“A SHORT FILM ABOUT LOVE”  ဇာတ်ကားကို   စက်တင်ဘာလ (၁) ရက်နေ့၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှု အစီအစဉ် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၂၄) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။ 

“A SHORT FILM ABOUT LOVE”  အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည်  ဒါရိုက်တာ Krzysztof Kieslowski  ၏ လက်ရာကောင်းတစ်ခု ဖြစ်ပြီး ဇာတ်လမ်းအမျိုးအစားမှာ  Drama, Romance အမျိုးအစားဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်က Polish Film Festival တွင် Best Cinematography Award ၊ Best Actress Award ၊ Best Supporting Actress Award နှင့် Golden Lion Award ဆု (၄)ခုကို ရရှိထားသည့် ဇာတ်ကားဖြစ်ကြောင်း၊ ဇာတ်လမ်းအကျဉ်းမှာ စာတိုက်အလုပ်သမား လူငယ်တစ်ယောက်သည် အိမ်ရှေ့တိုက်ခန်းရှိ ၎င်းထက်အသက်ကြီးပြီး ယောက်ျားများစွာနှင့် အိပ်လေ့ရှိသည့် အမျိုးသမီး တစ်ဦးကို ချစ်မိသွားကြောင်း၊ လူငယ်သည် ၎င်းအမျိုးသမီးကို အဝေးကြည့်မှန်ပြောင်းဖြင့် ချောင်းကြည့်လေ့ရှိပြီး အချစ်ဆိုသည့်အရာကို အယုံအကြည်မရှိတော့သည့် ၎င်းအမျိုးသမီးကို အချစ်အကြောင်း ဖွင့်ဟပြောဆိုသကဲ့သို့ အမျိုးသမီးကလည်း ၎င်း၏ရိုးသားသည့်အချစ်ကို လက်တွေ့ကျကျဖြင့် တုံ့ပြန်လိုက်သည့် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်