သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

၆ ဇန်နဝါရီ

သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

သီချင်းနားထောင်ရတာကို ဝါသနာပါလား၊ ဂီတသံစဉ်တွေကို သဘောကျလား။ ဒါဆိုသင်ဟာ ကျန်းမာတဲ့လူတစ်ယောက်ဖြစ် နိုင်ပါပြီ။

ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေရုံသက်သက် မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေ အရဆိုရင်တော့ တေးသီချင်းနားဆင်မှုဟာ အကြားအာရုံကိုတင်မကဘဲ ဦးနှောက်နဲ့ ခန္ဓာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။

တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်ကို အကျိုးပြုတဲ့ Dopamine တွေကို ခန္ဓာကိုယ်က ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္တာကိုယ်ပါ ရွှင်မြူးစေတဲ့၊ ငြိမ်းချမ်း စေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္ဓာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလပါတဲ။

Johns Hopkins တက္ကသိုလ်က လေ့လာချက်တွေအရ တေးဂီတလို လူကို တက်ကြွလာစေနိုင်တဲ့ အရာမျိုး သိပ်များများစားစား မရှိလှပါဘူးလို့ဆိုထားပြီး တေးဂီတသံစဉ်တွေကို နားဆင်ခြင်းဖြင့် ဦးနှောက်ကို နုပျိုစေသလို လူကိုလည်း တက်ကြွလန်းဆန်းစေပါတယ်တဲ့။

တကယ်လို့များ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပြီး နုပျိုလန်းဆန်းနေစေချင်တယ်ဆိုရင် တေးသီချင်း နားဆင်တာမျိုး၊ အော်ဟစ်သီဆိုတာမျိုး မကြာခဏ လုပ်ပေးသင့်ပါတယ်။ ဒါဟာ ဦးနှောက်ကို လေ့ကျင့်ခန်း ဆင်းစေတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။

ဆိုစကားတစ်ခုတောင်ရှိပါသေးတယ်။ “သင် ခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေချင်ရင် လေ့ကျင့်ခန်း လုပ်ပါ၊ ဦးနှောက် ဖွံ့ဖြိုးစေချင်ရင်တော့ သီချင်းနားထောင်ပါ” တဲ့။

ဂီတနဲ့ ကျန်းမာရေး

ဦးနှောက်ကို စကင်ဖတ်ပြီး သုတေသနပြုတိုင်းတာချက်တွေအရ ဆူဆူညံညံမရှိလှတဲ့ သာမန်တေးဂီတမျိုး၊ ဒါမှမဟုတ် သာယာနာပျော်ဖွယ် ဂီတသံစဉ်မျိုးကို နားထောင်တဲ့အခါတွေမှာ Dopamine တွေ သာမန်ထက်ပိုမို ထွက်ရှိတာကြောင့် နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေပါ ပိုမိုတည်ငြိမ်လာပြီး လူကို စိတ်ချမ်းမြေ့စေတယ်လို့ ဆိုပါတယ်။

တေးဂီတ အသံလှိုင်းတွေဟာ နားကနေတဆင့် ဦးနှောက်ဆီကို တိုက်ရိုက်သွားရောက်ထိတွေ့ပြီး လှုံ့ဆော်မှုတွေပြုလုပ်ပေးပါတယ်။ ခေတ်ဟောင်း တေးဂီတဖြစ်စေ၊ ခေတ်ပေါ် ဂီတအမျိုးအစားတွေဖြစ်စေ အသံလှိုင်းတုန်ခါမှုနှုန်းမတူညီကြပေမယ့် ဦးနှောက်ကို လှုံ့ဆော်နိုင်တာခြင်းကတော့ တူညီကြပါတယ်။

Jazz နဲ့ Rap လို လက်တန်း ဖန်တီးရတဲ့ တေးဂီတမျိုးကို ဖန်တီးရတဲ့ အနုပညာရှင်တွေရဲ့ ဦးနှောက်လုပ်ဆောင် နိုင်စွမ်းဟာ သာမန်လူတွေထက် ပိုမိုမြင့်မားတယ်လို့ သုတေသနစာတမ်းတချို့က သက်သေပြနေကြပါတယ်။ ဒီလူတွေက ဉာဏ်ရည်ထက်မြက်မှုပိုတယ်ဆိုတဲ့ သဘော။

ဂီတသံစဉ်တွေကို ပုံမှန်နားဆင်ရင် ဘယ်လိုတွေအကျိုးရှိမလဲ

တေးသီချင်းတွေ၊ ဂီတ သံစဉ်တွေကို နေ့စဉ် နားသောတဆင်တဲ့အခါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ၊ ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုမှုတွေ ရရှိနိုင်ပါတယ်။ အခြေခံအားဖြင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုပြီး အကျိုးကျေးဇူး ၂ မျိုး ရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကတော့

နေ့စဉ် ဂီတကို နားဆင်ခြင်းဖြင် ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်တယ်

စာပေ လေ့လာနိုင်စွမ်းကို မြှင့်တင်ပေးတယ်

တီထွင်ကြံံဆ ဖန်တီးနိုင်စွမ်းလည်း မြင့်တက်လာမယ်

တေးဂီတ နားဆင်တာကြောင့် ပူပင်သောကတွေနဲ့ သွေးတိုးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်

ဒါ့အပြင် စိတ်ခံစားချက်၊ နိုးကြားတက်ကြွမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တွေကိုလည်း တိုးတက်စေနိုင်ပါတယ်

ပူပင်သောကကို လျော့ကျစေတယ်

စိတ်ဓာတ်ကျဆင်းမှု လက္ခဏာတွေကို လျော့ပါးသက်သာစေတယ်

မှတ်ဉာဏ်ဟောင်းတွေကို ပြန်လည်ဖော်ထုတ်နိုင်အောင် ကူညီနိုင်တယ်

စိတ်တည်ငြိမ်စေပြီး စိတ်ဝေဒနာကုစားရာမှာ အထောက်အကူဖြစ်စေတယ်။

ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကတော့

ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးတယ်

နာကျင်ကိုက်ခဲမှုကိုလည်း လျော့ပါးစေနိုင်ပါတယ်

တေးသီချင်းတွေ နားဆင်နေချိန်မှာ ခန္တာကိုယ်ကလည်း တုန့်ပြန်မှုပြုလုပ်ပြီး လှုပ်ရှားချင်စိတ် လေ့ကျင့်ခန်းလုပ်ချင်စိတ်မျိုးတွေ ဖြစ်ပေါ်စေတယ်

နှလုံးကျန်းမာစေတယ်

ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေတယ်။

ကဲ ဒီလောက်ဆို တေးသီချင်းတွေ နားဆင်တာက သင့်ရဲ့ ကျန်းမာရေးကို ဘယ်လောက် အထောက်အကူပြုလဲဆိုတာကို သိနားလည်သွားမယ်လို့ထင်ပါတယ်။ ခုပဲ နားကြပ်လေးကို ကောက်တပ်ပြီး သီချင်းလေး ဖွင့်လိုက်ပါတော့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung