သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများထံသို့ ထောက်ပံ့ငွေပေးအပ်

ဝါးခယ်မ ၁၅ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများထံသို့ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရွှေလောင်းကျေးရွာအုပ်စု စိုက်ပျိုးရေခြံ အမှတ် (၁) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုနိုင်တို့က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့ရာတွင် ကကတိုက်ကျေးရွာရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးဧက ၇၅၁ ဧက၊ ကလိပ်ကျုံပတုပ်ကျေးရွာရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးဧက ၆၆၅ ဧကရှိပြီး တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် မျိုးစေ့အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက တောင်သူလယ်သမားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထို့နောက် တက်ရောက်လာသည့် တောင်သူလယ်သမားများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းအေးက စိုက်ပျိုးသီးနှံများတွင် ရွှေခရု ကျရောက်မှုနှင့် ပတ်သက်၍ ကာကွယ်ရန်နည်းလမ်းများ၊ ဆိုးကျိုးများ၊ ဆောင်ရွက်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။ 

လွှမ်းသီဟ (ဝါးခယ်မ)