သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း အခြေပြု အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း အခြေပြု အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ KMA Nay Pyi Taw ဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက ဒေသခံပြည်သူများ၏ ဝင်ငွေအခွင့်အလမ်း တိုးပွားစေသည့် နည်းလမ်းများစွာ ရှိသည့်အနက် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်သည် ဒေသခံပြည်သူများအတွက် မြေအသုံးချခွင့် ရရှိခြင်းနှင့်အတူ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်စေခြင်းအပြင် သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ဆောင်မှုများကိုပါ တစ်ပြိုင်နက်တည်း ရရှိစေကြောင်း၊ သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်း စီမံကိန်းလုပ်ငန်းများအနေဖြင့် စီမံကိန်းဧရိယာ(၃)ခု ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ်နှင့် နေပြည်တော် တပ်ကုန်းမြို့နယ်တို့တွင် ဒေသခံများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု ဖြင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းကို နမူနာပြသနိုင်မည့် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောများ ပေါ်ထွက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအောင်မြင် ရေးအတွက် မိမိတို့၏ ဗဟုသုတ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကိုမျှဝေပြီး ရင်းနှီး ပွင့်လင်းစွာ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး Minister Counseler Dr.Zheng Zhihong နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့က အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမှာစကား ပြောကြားကြပြီး စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နေကြသည့် တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက စီမံကိန်းလုပ်ငန်း အကြောင်းအရာများနှင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ ကိုလည်းကောင်း၊ စီမံကိန်း ဧရိယာများရှိ အသုံးပြုသူအဖွဲ့ ဥက္ကဋ္ဌများက စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အတွေ့အကြုံ၊ သင်ခန်းစာများနှင့် အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်