“သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း မြှင့်တင်ရေးစီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ်၂၈

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း မြှင့်တင်ရေးစီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဧရိယာမှ ဒေသခံများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းအား မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စီမံကိန်းကာလ ၂ နှစ် ၆ လသတ်မှတ်၍ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကဲဖြတ် သုံးသပ်ရန်၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာပိုင်းနှင့် ‌ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ သုံးသပ်ရန် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသ ယံဇာတများကို လက်ရှိနှင့် နောင်အနာဂတ် မျိုးဆက်များအတွက် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးနှင့် သစ်တောများ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသား သစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံကိန်းအရ ဧရိယာ ဧက ၂ဒသမ၂၇ သန်း တည်ထောင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ဧရိယာ ဧက ၁ဒသမ၁၆ သန်းကျော်ကို သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် ပြုထားပြီး ဖြစ်ကြောင်း။ 

သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ်သည် ဒေသခံပြည်သူများအတွက် လူမှုစီး ပွား ဖွံ့ဖြိုးတိုးတက်စေရန်သာမက ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုပါ ရရှိစေသည့်အတွက် အကျိုးရှိသော လုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ထာဝစဉ်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရေအရည်အသွေးကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးအတွက် လည်း အထောက်အကူအကူပြုလျက်ရှိကြောင်း၊ ယခု အလုပ်ရုံဆွေးနွေး ပွဲတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ်ကို အခြေခံသော လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး ကျေးဇူးဖြစ်ထွန်းစေရေးအတွက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် မှာကြားသည်။

ထို့နောက် စီမံကိန်းအတွင်း သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းစနစ်အပေါ် အခြေခံသည့် ဆောင်ရွက်ချက်များကို စီမံကိန်းတာဝန်ရှိသူများကလည်းကောင်း၊ စီမံကိန်းဆိုင်ရာ လေ့လာဆန်းစစ်ချက်ရလဒ်များကို ကျွမ်းကျင်ပညာရှင်များက လည်းကောင်း၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများကို ဒေသခံပြည်သူများက လည်းကောင်း တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ ဗဟုသုတအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအပေါ်မူတည်၍ ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်