သီပေါမြို့နယ်တွင် ရေနစ်ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူအား ရေငုပ်ကျွမ်းကျင်သူများဖြင့် ရှာဖွေလျက်ရှိ

သီပေါမြို့နယ်အတွင်းရှိ နမ္မတူချောင်းခေါ် နမ္မတူမြစ်အတွင်း နိုဝင်ဘာ၂၃ ရက်က ရေနစ်ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူ Ms. Heo အား ရှာဖွေနိုင်ရေးအတွက် ကိုရီးယားနိုင်ငံသား ရေငုပ်သမား Mr.Hyeonseob နှင့် မြန်မာနိုင်ငံသား ရေငုပ်သမား ကိုသန်းထိုက်တို့သည် သီပေါရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ Mr.Bike ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ မိုးမခစက်လှေအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သီပေါမြို့နယ် မိုးတေကျေးရွာသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ကြသည်။

 

အဆိုပါရှာဖွေရေးအဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားရာ ဒေသအခေါ် ကြံတိုလုံ(ဆင်ကောင်ကြီး) ရေဆိပ်သို့ စက်လှေနှစ်စင်းဖြင့် ဆက်လက်သွားရောက်ပြီး နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အထိ ရေငုပ်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရေနစ်ပျောက်ဆုံးနေသူ တောင်ကိုရီးယားနိုင်ငံသူအား ရှာဖွေခဲ့ရာတွင် ထူးခြားမှု တစ်စုံတစ်ရာမတွေ့ရှိရသော်လည်း နောက်ရက်များတွင် ရှာဖွေခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သီပေါကိုလတ်