သီရိလင်္ကာ ယာယီသမ္မတ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာ

ကိုလံဘို ဇူလိုင် ၁၉

 

သီရိလင်္ကာ ယာယီသမ္မတ ရာနေးလ်ဝစ်ကရမ်ဆင်းသည် နိုင်ငံတော် အရေးပေါ်အခြေအနေ တစ်ရပ်ကို ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်သည် တနင်္လာနေ့တွင် စတင်အာဏာ သက်ရောက်ခဲ့သည်။

 

ပြည်သူများ၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန်အတွက်၊ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ထိန်းသိမ်းရန်အတွက်နှင့် ပြည်သူလုံခြုံရေးအတွက် ယခုကဲ့သို့ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း ဝစ်ကရမ်ဆင်းက ထုတ်ပြန်ချက်တွင် ပြောကြားလိုက်သည်။ သီရိလင်္ကာ သမ္မတဂိုတာဘာရာ ရာဂျာပါ့ခ်ဆာ ရာထူးမှ နုတ်ထွက်ပြီးနောက် ဇူလိုင် ၂၀ ရက်တွင် သမ္မတသစ် ကို ရွေးချယ်ရန် သီရိလင်္ကာ လွှတ်တော်က စီစဉ်ထားသည်။

 

နိုင်ငံအတွင်း ခါးသီးပြင်းထန်သည့် စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေချိန်တွင် ရာဂျာ ပက်ခ်ဆာသည် မော်လ်ဒိုက်မှ တစ်ဆင့် စင်ကာပူသို့ ထွက်ပြေးလာခဲ့သည်။ သမ္မတလောင်းများ အမည်စာရင်းတင်သွင်းခြင်းကို အင်္ဂါနေ့တွင် ပြုလုပ်ပေးရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

 

ဆင်ဟွာ