ကိုလံဘို     မတ်     ၁၇

သီရိလင်္ကာနိုင်ငံ၌ နိုင်ငံအတွင်း လောင်စာဆီသုံးစွဲမှုစီမံခန့်ခွဲရေးအတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့များကို ရုံးပိတ်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

မတ် ၁၈ ရက်မှစတင်၍  အကျုံးဝင်မည်ဖြစ်သည်။

အစိုးရကျောင်းများ၊ တက္ကသိုလ်များနှင့် တရားရုံးများကို အပတ်စဉ်  ဗုဒ္ဓဟူးနေ့တိုင်း ပိတ်ထားမည်ဖြစ်ကြောင်းနှင့် ၎င်းသတ်မှတ်ချက်သည် မရှိမဖြစ်လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ဆိပ်ကမ်း၊ ရေဖြန့်ဖြူးရေးနှင့် အကောက်ခွန်လုပ်ငန်းများအတွက် အကျုံးမဝင်ကြောင်း အရေးကြီးလုပ်ငန်း  စီမံ ခန့်ခွဲရေးဆိုင်ရာ အဖွဲ့အစည်းကော်မရှင်နာချုပ် ပရာဗတ် ချန်ဒရာကီယာက  ပြောကြားသည်။

အချိန်မရွေးဆင့်ခေါ်ခွင့်ရှိ

တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းလိုအပ်ချက်ရှိပါက သီတင်းပတ်အတွင်းရှိ ကျန်ရုံးဖွင့်ရက်များတွင် ဝန်ထမ်းများကို အချိန်မရွေးတာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခွင့်ရှိကြောင်း ၎င်းကပြောကြားသည်။

အစိုးရဌာနများတွင်  ကျင်းပရန်ရှိသည့် အခမ်းအနားများကို နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထပ်မံရရှိသည့်အချိန်အထိ ဆိုင်းငံ့ထားရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများကိုလည်း အလားတူအစီအမံများ  ဆောင်ရွက်ရန် အစိုးရကညွှန်ကြားခဲ့သည်။                                    

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ