သီရိလင်္ကာနိုင်ငံက ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၅၆ သန်းသုံးစွဲမည်

ကိုလံဘို ဖေဖော်ဝါရီ ၂၄

 

သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ကန်ဒေါ်လာ ၅၆ သန်း သုံးစွဲသွားရန် စီစဉ်ထားကြောင်း သီရိလင်္ကာခရီးသွား လုပ်ငန်းဝန်ကြီး ပရာဆန်နာ ရန်နာ တန်ဂါက ယနေ့ ပြောကြားသည်။

 

ဗြိတိန်၊ အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ  ခရီးသည်များကို ဦးစားပေးဆွဲဆောင်၍ နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို တိုးတက်စေရန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မိမိတို့သည် ခရီးသွားလာမှု များပြားသောနိုင်ငံများကို အခြေပြု၍ နိုင်ငံခြားသား ခရီးသည်များကို နိုင်ငံအတွင်း လာရောက်လည်ပတ် စေရန် အစီအမံများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီး ဘာဆေးရာဂျာ ပတ်ဆာက ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစတင်သော နိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစီမံချက်ကို ရေးဆွဲထားပြီး ၎င်းလုပ်ငန်း အောင်မြင်စေရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ကြော်ငြာကုမ္ပဏီများကို လက်ရှိအချိန်တွင် တာဝန်စတင်ပေးအပ်လျက် ရှိသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်းသို့ နိုင်ငံခြားသား ခရီးသည်တစ်သိန်းခွဲကျော် လာရောက်လည်ပတ်ကြောင်း သိရပြီး နိုင်ငံအတွင်းသို့ ခရီးသည် အများအပြား ထပ်မံလာရောက်လည်ပတ်စေရန် အချိန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ