သီရိလင်္ကာနိုင်ငံ၌ လောင်စာဆီပြတ်လပ်မှုကြောင့်ပိတ်ထားခဲ့သည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ကိုလံဘို ဇူလိုင် ၂၆

 

သီရိလင်္ကာ နိုင်ငံသည် လောင်စာဆီပြတ်လပ်မှုကြောင့် တစ်လနီးပါးကြာ ပိတ်ထားခဲ့သည့် နိုင်ငံပိုင် စာသင်ကျောင်းများနှင့် နိုင်ငံတော်က ခွင့်ပြုပေးထားသည့် ပုဂ္ဂလိက စာသင်ကျောင်းများကို ဇူလိုင် ၂၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ ဖွင့်လှစ်ခဲ့သော်လည်း စာသင်ကျောင်းများကို တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး) ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျောင်းဖွင့်ရက် နှစ်ရက်ကို အွန်လိုင်းမှ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် သီရိလင်္ကာနိုင်ငံ ပညာရေး ဝန်ကြီးဌာနသည် စာသင်နှစ် ပထမနှစ်ဝက်ကို စက်တင်ဘာ ၇ ရက်အထိ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့ စာသင်နှစ် ပထမ နှစ်ဝက်ကို တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း အဆိုပါ စာသင်နှစ် ပထမနှစ်ဝက် ကုန်ဆုံးချိန်တွင် စာမေးပွဲစစ်ဆေးခြင်း ပြုလုပ်မည်မဟုတ်ဘဲ အကဲဖြတ်မှုပုံစံဖြင့်သာ စာမေးပွဲရလဒ်ကို ဆုံးဖြတ်ရန် ကျောင်းအုပ်များအား ညွှန်ကြားထားကြောင်း သိရသည်။

 

သီရိလင်္ကာ အစိုးရကလည်း နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် စာသင်ကျောင်းများအား စက်သုံးဆီများ ထောက်ပံ့ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်