ကိုလံဘို  မတ်  ၁၉

သီရိလင်္ကာနိုင်ငံ၌ မော်တော်ယာဉ်များအား စုံ၊ မ ရက်ခွဲခြား၍ လောင်စာဆီဖြန့်ဖြူးသည့်စနစ်ကို မတ် ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဆီလုံပက်ထရိုလီယမ်ကော်ပိုရေးရှင်း  ဦးဆောင်ညွှန်ကြားရေးမှူး မယူရာ နက်သိကုမာရာဂျ်က ပြောကြားသည်။

၎င်းစနစ်အရ မော်တော်ယာဉ် နောက်ဆုံးနံပါတ် စုံနှင့် သုညဖြစ်သည့် ယာဉ်များအား စုံဂဏန်းကျသည့်ရက်များတွင် လောင်စာဆီရောင်းချပေးမည်ဖြစ်ပြီး နောက်ဆုံးနံပါတ် မ ဖြစ်သည့်ယာဉ်များအား မ ဂဏန်းကျသည့်ရက်များတွင် ရောင်းချပေးမည်ဖြစ်သည်။

ယခုကဲ့သို့  ဆောင်ရွက်ပေးခြင်းဖြင့် လောင်စာဆီဖြန့်ဖြူးရေးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ပြီး လောင်စာဆီရောင်းချသည့်ဆိုင်များအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိမည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ ကျူအာရ်ကုဒ် ဒေါင်းလုပ်ဆွဲရာတွင် အဆင်ပြေမှုမရှိသည့် မော်တော်ယာဉ်များကိုလည်း ကြာသပတေးနေ့တိုင်းတွင် ကျူအာရ်ကုဒ်ဖြင့် စစ်ဆေးခံရန်မလိုဘဲ လောင်စာဆီရောင်းချမည်ဖြစ်သည်။ 

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ကျူအာရ်ကုဒ်စနစ်နှင့်ပတ်သက်သည့် ပြဿနာကို ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ပြီး လောင်စာဆီဖြန့်ဖြူးရေးလုပ်ငန်း တွင်ကျယ်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား -ဆင်ဟွာ

ဘာသာပြန်-စိုးသူရ