သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံးပြီး လူပေါင်း ၈၀ဝဝဝ ကျော် ဘေးဒုက္ခရောက်ခဲ့

ကိုလံဘို ၂၇ စက်တင်ဘာ

သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လေပြင်းများ တိုက်ခတ်မှုများကြောင့် တစ်ဦးသေဆုံးပြီး လူပေါင်း ၈၀ဝဝဝ ကျော်မှာ ဘေးဒုက္ခရောက်ခဲ့ရကြောင်း သီရိလင်္ကာနိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၂၅ ရက်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ကာ ပြောကြားထားသည်ကို ယမန်နေ့ဆင်ဟွာသတင်း တစ်ရပ်က ဖော်ပြထားသည်။

လူပေါင်း ၁၄၀ဝဝ ကျော်အား လုံခြုံစိတ်ချရသော နေရာများသို့ ရွှေ့ပြောင်းပေးနေစဉ်တွင်နိုင်ငံ၏ တောင်ဘက်ပိုင်းရှိ နေရာအတော်များများမှာ ရေလွှမ်းမိုးမှုခံခဲ့ရကြောင်း သီရိလင်္ကာနိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှုဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပါရာဒိကိုဒစ်ပီလီ က ပြောကြားခဲ့သည်။

အမျိုးသားအဆောက်အအုံ သုတေသနအဖွဲ့အစည်းကလည်း စက်တင်ဘာ ၂၅ ရက်အစောပိုင်းတွင် နိုင်ငံတောင်ပိုင်းရှိ ဂယ်လီခရိုင်၊ ကမ်းရိုးတန်းအနောက်ပိုင်းရှိ ကာလူတာရာခရိုင်တို့တွင် မြေပြိုမှုသတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။ အမျိုးသားအဆောက်အအုံ သုတေသနအဖွဲ့အစည်းသည် မြေပြိုမှုကို အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး မြေပြိုမှုဖြစ်လေ့ဖြစ်ထရှိသည့် ဒေသများတွင် နေထိုင်သူများအား ဘေးကင်းလုံခြုံရာ အဆောက်အအုံများဆီသို့ ရွှေ့ပြောင်းပေးရန် ကယ်ဆယ်ရေး တာဝန်ရှိသူများအား တောင်းဆိုထားခဲ့သည်။

ရာသီဥတုအခြေအနေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခြင်းကြောင့် ဘေးဒုက္ခခံစားခဲ့ရသည့် ပြည်သူထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးရန် အာဏာပိုင်များအား သီရိလင်္ကာသမ္မတ ဆီရီဆီနာကညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် သီရိလင်္ကာသမ္မတ ဆီရီဆီနာသည် ဘေးဒုက္ခရောက်ခဲ့သည့် မိသားစုများအားလုံးကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် မြေပြိုမအန္တရာယ်ကြုံတွေ့နိုင်မည့် ဒေသများတွင် နေထိုင်သည့်ပြည်သူများအား ချက်ချင်းရွှေ့ပြောင်းပေးရန် လက်နက်ကိုင်အဖွဲ့များကိုလည်း ညွှန်ကြားထားသည်။ မိုးလေဝသဌာနမှ နောက်ဆုံးထုတ်ပြန်ထားသော ထုတ်ပြန်ချက်များအရ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများမှာ သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွား ဖွယ်ရှိသည်ဟု ဆိုသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်