သီရိလင်္ကာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ပြန်လည်ဖွင့်လှစ်ကာ နိုင်ငံခြား ခရီးသွားများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်

၂၀ ဇန်နဝါရီ

 

 

သီရိလင်္ကာ နိုင်ငံတွင် စီးပွားဖြစ် လေကြောင်းလိုင်းများ ပျံသန်းရန်အတွက်  ယခုသီတင်းပတ် နှောင်းပိုင်း၌ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ပြန်လည်ဖွင့်လှစ်ကာ နိုင်ငံခြား ခရီးသွားများအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးမည် သီရိလင်္ကာ ခရီးသွား ဖွံ့ဖြိုးမှုဆိုင်ရာ အာဏာပိုင် အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရ မီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းများကို ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု ထိုအာဏာပိုင် အဖွဲ့က ဆိုသည်။

 

 

အဆိုပါ စည်းမျဉ်းအသစ်တွင် နိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသွားများ အနေဖြင့် မထွက်ခွာမီ   ၉၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ပီစီအာစစ်ဆေးချက် ရလဒ် ပါရှိရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိသည့် ဟိုတယ်များတွင် ကနဦး ၁၄ ရက် နေထိုင်ရန် လိုအပ်မည်ဟု ပါရှိသည်။

 

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဘေးကင်း လုံခြုံမှုရှိကြောင်း အသိအမှတ်ပြုထားသည့် ဟိုတယ်များ အနေဖြင့် ဒေသခံများက အခမ်းအနား၊ စားသောက်ပွဲများ ကျင်းပရန် ကြိုတင်မှာကြားခြင်းကို လက်ခံရန် ခွင့်ပြုမည် မဟုတ်ကြောင်း သီရိလင်္ကာ ခရီးသွား ဖွံ့ဖြိုးမှုဆိုင်ရာ အာဏာပိုင်အဖွဲ့က ပြောကြားသည်။

 

 

 

၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် မတ်လမှစတင်ကာ လေကြောင်းလိုင်းများ ပိတ်ထားခဲ့ပြီးနောက် စီးပွားဖြစ်ပျံသန်းသည့် လေကြောင်းလိုင်းများအတွက် ဇန်နဝါရီ ၂၁ ရက်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို