သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ်ကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မပါဒဒီပလိုမာ (Diploma In Buddha Dhamma) အောင်လက်မှတ် ဆက်ကပ်ပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ် ကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မပါဒ ဒီပလိုမာ (Diploma In Buddha Dhamma) အောင်လက်မှတ် ဆက်ကပ်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းရှိ အဆိုပါတက္ကသိုလ် သန္နိပါတခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ပါမောက္ခ၊ ကထိက/ သင်ကြားစီမံ ဆရာတော်များ ကြွရောက်တော်မူကြပြီး စာသင်သား သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးမှူး ဆရာတော် ဒေါက်တာ အရှင်ပညောဘာသက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဆိုင်ရာနှင့် ကျောင်းသားစာရင်း အကျဉ်းချုပ်ကိုလည်းကောင်း၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ့ ဒုတိယဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ကြားမည့် ကျောင်းသားများ လိုက်နာသိရှိရန် စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းဖတ်ကြား လျှောက်ထားကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးက၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Buddha-dhamma Diploma အောင်မြင်ခဲ့ကြသည့် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများနှင့်၊ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓဓမ္မဒီပလိုမာ အောင်မြင်ခဲ့ကြသည့် သင်တန်းသူ သင်တန်းသားများကို အောင်လက်မှတ်များ ပေးအပ်ချီးမြင့်တော်မူသည်။

 

mdn

 

ထို့နောက် ဧည့်ပရိသတ်များက သီတဂူဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာနာယူကြသည်။

ယနေ့ကျင်းပသည့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ်ကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မပါဒ ဒီပလိုမာ (Diploma In Buddha Dhamma) အောင်မြင်ခဲ့ကြသော ကျောင်းသားများအား အောင်လက်မှတ်ဆက်ကပ်ပွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အောင်မြင်ခဲ့ကြသော ရဟန်းတော် (၁၃) ပါး၊ သီလရှင် (၃) ပါး၊ လူပုဂ္ဂိုလ် (၁၀၅) ဦးကို အောင်လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူကြမည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း ၃၂၇ ဦးရှိကြောင်း၊ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သော သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သည် ဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သင်ကြားစီမံအဖွဲ့က ဗုဒ္ဓဓမ္မဒီပလိုမာ၊ ဘီအေ၊ အမ်အေ၊ ပီအိပ်ချ်ဒီနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓဓမ္မပါဒက သင်တန်းများအပြင် အချိန်ပိုအနေဖြင့် ကျောင်းသားများကို အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင့်ရန်အတွက် English Language ဘာသာရပ်ကိုလည်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဇော်မင်းလတ် -MNA