သိကြားမင်းကြီး သာဓုခေါ်မည့်သင်္ကြန်

ကိုကို (စက်မှုတက္ကသိုလ်)

တူးပို့တူးပို့သံ မစည်ဝေသော၊ ရေမရွှဲသော သင်္ကြန်ကား မကြာမီလာတော့မည်။ ကျွန်တော်သည် သင်္ကြန် ပေါင်းများစွာကို ပုံစံအမျိုးမျိုး၊ စိတ်ခံစားမှုအမျိုးမျိုးနှင့် ဆယ်စုနှစ် ငါးစုကျော် ဖြတ်သန်းပြီးပြီ။ သို့သော် သည်နှစ် ဖြတ်သန်းရမည့်သင်္ကြန်ကား အရင်သင်္ကြန်များနှင့်မတူ ထူးခြားလှသည်။ ယခုနှစ်သင်္ကြန်ကား တိတ်ဆိတ် ငြိမ်သက်သောသင်္ကြန် ဖြစ်သည်။


သတိနှင့်ယှဉ်ရမည့် သတိသင်္ကြန်

သင်္ကြန်များစွာထဲတွင် တိုင်းပြည်၌ အခက်အခဲများ ကြုံတွေ့နေရချိန်များမှာ ကျရောက်သည့် အချို့သော သင်္ကြန်များတွင်ပင် ကျွန်တော်တို့သည် ရသလောက် အခွင့်အရေးကလေးကို အသုံးချကာ စတိသဘော လောက်တော့ ဆင်နွှဲဖြစ်ကြသည်။ ယခုနှစ် သင်္ကြန်ကား စတိသင်္ကြန်ပင် မဖြစ်တော့ဘဲ သတိသင်္ကြန်ဖြစ်လာ ရပေပြီ။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်လှသည့် ဗိုင်းရပ်စ်တစ်မျိုးသည် ကမ္ဘာပတ်ခဲ့ပြီး မြန်မာနိုင်ငံကိုလည်း ချန်မထားခဲ့ပါ။ ယခင်ကမ္ဘာတွင် ဖြစ်ခဲ့ပြီးသည့် ဆားရ်တို့၊ မားစ်တို့နှင့် ကိုရိုနာအုပ်စုတူ၊ သဏ္ဌာန်ကွဲ လူ့သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ မိုက်ခရိုစကုပ်ဖြင့် အဆပေါင်းများစွာချဲ့မှ ကိုယ်ထင်ပြသည့် ထိုဗိုင်းရပ်စ်သေးသေးကလေးသည် ယင်းနှင့် နှိုင်းယှဉ်မရအောင် ကြီးမားသည့် လူသားတစ်ဦး ချင်းစီကို အကြီးအကျယ် ဒုက္ခပေးတော့သည်။ လူတစ်ဦး ချင်းစီမှ လူအုပ်စုများ၊ ထိုမှရပ်ရွာများ၊ မြို့များ၊ ထိုမှတစ်ဆင့် နိုင်ငံများ နောက်ဆုံးတွင် ကမ္ဘာကြီးအထိ အန္တရာယ်ပြုလေသည်။ ငယ်ငယ်တုန်းက ကင်းကောင်လို အကောင်ကြီးတွေက မြို့ပြတွေ၊ လူတွေကို သေကျေ ပျက်စီးအောင်လုပ်သည့် ရုပ်ရှင်ကားများကြည့်ပြီး ကြောက်ခဲ့ဖူးသည်။ ယခုမူ ကင်းကောင်၏ အမွှေးအမှင် တွင်ကပ်နေသည့် ကပ်ပါးပိုးတစ်ကောင်ထက် အဆများ စွာသေးငယ်သည့် ထိုဗိုင်းရပ်စ်ကောင်လေးက ကင်းကောင် တွေထက်ပင် မြို့၊ ရွာများကို အဆပေါင်းများစွာ ခြိမ်းခြောက်အန္တရာယ်ပြုနေပြီ ဖြစ်သည်။
ဘယ်ကလာသည် သေသေချာချာ မသိရသေး သော်လည်း ကိုဗစ်- ၁၉ ဟု အမည်ပေးလိုက်ကြသည့် ထိုဗိုင်းရပ်စ်နှင့်ပတ်သက်၍ သုတေသနပညာရှင်များ၊ ကျန်းမာရေးပညာရှင်များ၊ သိပ္ပံဆရာကြီးများ ယခုအထိ တွေးဆ အဖြေရှာနေရဆဲဖြစ်သည်။ မည်သူတစ်ဦး တစ်ယောက်မျှ တိတိပပမဖြေနိုင်ကြ။ ယနေ့ ကျွန်တော် တို့ ကြားသိနေရသည့် ကိုဗစ်-၁၉ ၏ ကိုယ်ရေးအကျဉ်း နှင့် အမူအကျင့်များမှာ ယခင်က လူ့အသိုက်အဝန်းကြီးကို လာဒုက္ခပေးခဲ့ကြသည့် သူ၏ ညီအစ်ကိုတော်များ၏ အမူအကျင့်များအပေါ် အခြေခံ၍လည်းကောင်း ၊ ကိုဗစ် ၏ ဝိုးတဝါးပုံရိပ်များကို အခြေခံ၍ လည်းကောင်း ခန့်မှန်းတွက်ဆခဲ့ရခြင်းသာ ဖြစ်သည်။
ထို့ကြောင့်ပင် ယခင်က ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူတွင် ရောဂါလက္ခဏာများကို ကူးစက်ခံရပြီး ၅ ရက် မှ ၁၂ ရက်အတွင်း တွေ့မြင်ရသည်ဟု တွက်ဆထားခဲ့ကြပြီး ကွာရန်တင်းဟုခေါ်သည့် သီးခြားထားစောင့်ကြပ်ကြည့်ရှု ကာလကို ၁၄ ရက် သတ်မှတ်ခဲ့ကြလျက် တစ်ကမ္ဘာလုံးက ယင်းအတိုင်း လိုက်နာခဲ့ကြသည်။ ယခုမူပိုးတွေ့သော လူနာအချို့တွင် ကွာရန်တင်း ၁၄ ရက်ကျော်မှ ရောဂါ လက္ခဏာ စပြကြသည်များရှိလာပြီး သုတေသနတွေ့ရှိ ချက် အသစ်တစ်ခုတွင် ကိုဗစ်-၁၉ သည် လူ့ခန္ဓာကိုယ်ထဲ တွင် ရက်သတ္တငါးပတ်အထိမျှ နေနိုင်သည်ဟုဆိုသည်။ ထို့ကြောင့် ၁၄ ရက် ကွာရန်တင်းပြီးသူများကို နောက်ထပ် ရက်သတ္တနှစ်ပတ် ထပ်တိုးနေထိုင်စေရသည့် အခြေအနေ ဖြစ်လာသည်။
ထို့အပြင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသည့် အမှုန်စက်များမှ တစ်ဆင့် ကူးသည်။ ယခုဗိုင်းရပ်စ်သည် ယခင်သူ့ညီအစ်ကိုတော်သူ များထက် ထွားသဖြင့် ဝေးဝေးမလွင့်နိုင်။ ထို့ကြောင့် တစ်ဦး နှင့်တစ်ဦး ခြောက်ပေအကွာနေကြရန် တိုက်တွန်းခဲ့ပြီး ထိုအတိုင်းလူများက လိုက်နာခဲ့ကြသည်။ သို့သော် သိပ်မကြာသေးမီက သိပ္ပံပညာရှင်တစ်ဖွဲ့က ကိုဗစ်-၁၉ သည် ယခင်မှန်းထားသည်ထက် ပိုသွားနိုင်သည်။ ၈ မီတာအကွာအထိ လွင့်နိုင်သည်ဟု ဆိုကြသဖြင့် တစ်ဦး နှင့် တစ်ဦး ၂၄ ပေလောက် ခွာနေရမလို ဖြစ်လာသည်။
၁၄ ရက်နှင့်ပဲ မလုံလောက်သည်ဖြစ်စေ၊ ၂၄ ပေ လောက်ခွာနေမှ အန္တရာယ်ကင်းသည်ဖြစ်စေ၊ ယင်းတို့သည် ယခုတွေ့ရှိချက်များဖြစ်ပြီး နောက်ဘယ်လိုအသစ်များ ထပ်ရှာတွေ့လာမည်မသိ။ ကိုဗစ်-၁၉ ကို အနိုင်တိုက်မည့် ဆေးများကလည်း ခပ်မြန်မြန်ပေါ်လာစရာမရှိ။ သတင်းများ အမျိုးမျိုးကြားနေရသော်လည်း လူသားများ စိတ်ချလက်ချ သုံးနိုင်သည့် အဆင့်ရောက်ရန် အချိန်တစ်ခုတော့ ယူရ ဦးမည်မှာ သေချာသည်။


ကိုယ့်ကိုယ်ကိုကာကွယ်ပါ
ယခုလို မသေမချာ မရေရာမှုတွေများ လွန်နေသည့် အခြေအနေတွင် အကောင်းဆုံးမှာ လူတစ်ဦးချင်းစီက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်ဖြစ်သည်။ ကာကွယ်ဆေး ရှိနေပြီး မထိုးရဘူးဆိုလျှင်တော့ အစိုးရကို ဝိုင်းလက်ညှိုး ထိုးလို့ရသေးသည်။ လက်ရှိအခြေအနေတွင် အစိုးရများက လုပ်ပေးနိုင်သည်မှာ နှစ်ခုပဲရှိသည်။ ရောဂါကူးစက်မှု မဖြစ်အောင် ကာကွယ်ဟန့်တားနိုင်သည့် အခြေအနေ များကို ဖန်တီးပေးရန်နှင့် ရောဂါကူးစက်လာပါက အသေ အပျောက်အနည်းဆုံးဖြစ်အောင် ကုသစောင့်ရှောက်ပေး ရန် ဖြစ်သည်။ ကာကွယ်ဟန့်တားနိုင်သည့်အခြေအနေ တွေကို အစိုးရက ဖန်တီးရာတွင် လိုအပ်သည့် ကာကွယ်ရေး အစီအမံများ (နှာခေါင်းစွပ်၊ ရောဂါကာကွယ်ရေးဝတ်စုံ စသည်များ လုံလောက်ရေး)၊ ရောဂါစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး၊ လူဝင် လူထွက်၊ ကူးသန်းသွားလာမှုများ ထိန်းချုပ်ရေး၊ ယင်းတို့နှင့် ပတ်သက်သည့်အမိန့်များ လိုအပ်သည်။


ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ဦး ချင်းစီ၏ အသိနှင့် ပါဝင်ရေးက အထူးအရေးပါလှသည်။ မည်သည့်အသိဖြစ်မည်လဲ။ အရိုးရှင်းဆုံးလိုက်နာသင့်သည့် အသိတရားက မိမိကိုယ်ကို ရောဂါမကူးစက်အောင်နေရန် ဖြစ်သည်။ လူတို့၏ သဘာဝက ထူးခြားသည်။ ကြောက်တတ်ကြသလို ပေါ့ဆတတ်ကြသည်။ပေါ့ပေါ့ ဆဆဖြစ်စေသည့် အတွေးမှာ ငါရောဂါ မကူးနိုင်ပါဘူးဟူသော အတွေးဖြစ်သည်။ ကျွန်တော်တို့ပြောင်းပြန်တွေးသင့်ကြသည်။ ‘‘ငါရောဂါကူးနိုင်တယ်ငါ့ဘေးနားမှာ ရှိတဲ့ သူတွေက ရောဂါသယ်လာနိုင်တဲ့သူတွေချည်းပဲ
သည်အတွေးများ တွေးခိုင်းပြီး အကြောက်လွန်အောင် ကျွန်တော်လုပ်ခြင်းမဟုတ်ပါ။ ရောဂါလက္ခဏာတစ်စက်မျှ မပြ၊ လူကောင်းတစ်ဦးလို သွားလာနေသူများ Positive ဖြစ်နေကြ၊ ပိုးတွေ့နေကြချိန်မှာ အဲဒီလိုတွေးလိုက်တာ အကောင်းဆုံးဖြစ်သည်။ ထိုအတွေးများအတွက် စိတ်သက်သာ လုံခြုံစေမည့် အကောင်းဆုံးအစီအမံမှာ အိမ်ထဲတွင်နေရန်ပဲဖြစ်သည်။ ထို့ကြောင့်ပင် ကိုဗစ်- ၁၉ ကာကွယ်ရေးအတွက် ၁။ လက်ဆေးပါ ၂။ အိမ်ထဲမှာ နေပါ ဆိုသည်ထက်ကောင်းသည့် အစီအမံလောလောဆယ်ရှာ မတွေ့သေး။


ဝူဟန်မြို့တွင် စဖြစ်တော့ တရုတ်အစိုးရက အိမ်သော့ များအပြင် မြို့ပြကြီးတစ်ခုလုံးကို သော့ခတ်ပစ်လိုက်သည်။ လူများအိမ်ထဲမှ အပြင်မထွက်ရ။ မြို့ပြင်မထွက်ရ။ သည့်ထက်ထိရောက်သော အစီအမံမရှိ။ အိမ်ထဲမှာ မိမိကိုယ်မိမိ သော့ခတ်လိုက်ကြသည့်အတွက် နှစ်လ အကျော်မှာ ဝူဟန်က အသက်ပြန်ရှင်လာသည်။ အစိုးရ များက မြို့ပြတွေ သော့ခတ်လိုက်ကြခြင်းကြောင့် ဖြစ်ပေါ်လာမည့် လူမှုစီးပွားအကျိုးဆက်များကို အများကြီးထည့်စဉ်းစားကြသည့်အတွက် ဆုံးဖြတ်ချက် ချမှတ်ရန် အခက်အခဲတွေ့ခဲ့ကြသည်။ နောက်ဆုံးတွင် ရွေးချယ်စရာနှစ်ခုထဲကတစ်ခုကို ရွေးကြရမည်။ စည်းစိမ် နှင့်အသက်။ မည်သည်ကို ရွေးချယ်မလဲ။
မကြာမီ မြန်မာ့နှစ်သစ်ကူးကာလ ရောက်တော့မည်။ ယခင်နှစ်သစ်ကူးကာလများတွင် ကျွန်တော်တို့သည် အိမ်ထဲမှာမနေ၊ အိမ်ပြင်ထွက်ကြသည်။ လမ်းပေါ်ထွက် ကြသည်။ လူအများကြီးနှင့် တွေ့ကြသည်။ ကခုန် မြူးထူးပျော်ရွှင်ကြသည်။ ယခုနှစ်သင်္ကြန်တွင်မူ ကျွန်တော်တို့သည် ယခင်လုပ်ခဲ့သည်များနှင့် ဆန့်ကျင် ဖက်လုပ်ကြရမည်။ နေကြ၊ ထိုင်ကြရမည်ဖြစ်သည်။ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာ နေကြမည်။ လူအများ ကြီးနှင့်မတွေ့ဘဲ မိမိ မိသားစုနှင့်သာ အိမ်ထဲမှာ အတူ ရှိကြမည်။ ဧည့်သည်ပင်မလာရ။ ကျွန်တော်စောစောပိုင်း ကရေးခဲ့သလို စတိပင်မရ၊ သတိယှဉ်ရမည့် သင်္ကြန်ကာလ ဖြစ်ပါသည်။


အသက်ရှင်ခြင်းထက်အရေးကြီးတာမရှိ
လူသားတို့၏ အခြေခံအကျဆုံး လိုအပ်ချက်သည် အသက်ရှင်နေထိုင်ရေးဟု ကျွန်တော်မှတ်သားဖူးသည်။ ယနေ့အချိန်အခါသည် ကျွန်တော်တို့ အသက်ရှင်နေထိုင် နိုင်ရေးထက် အရေးကြီးတာ ဘာမျှမရှိ။ ကျွန်တော်တို့ ပျော်ရွှင်ရေးနှင့် အသက်ရှင်ရေး၊ လွတ်လပ်မှုနှင့် အန္တရာယ်ကင်းမှု၊ နောက်ဆုံးစည်းစိမ်နှင့် အသက် ဘယ်ဟာကို ရွေးကြမည်လဲ။ အသက်ရှင်ရေးကို ရွေးကြ ရမည်။ မိမိအတွက် သာမကမိမိ၏ ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများ၊ မိမိနိုင်ငံသားများ အသက်ရှင်ရေးကို ရွေးကြရမည်။ အိမ်ထဲတွင် ခဏလောက်နေလိုက်ခြင်းဖြင့် ပြင်ပထိတွေ့မှုကို သိသိသာသာ လျှော့ချနိုင်ကာ ရောဂါ ကူးစက်မှုများကိုလည်း ထိန်းချုပ်နိုင်မည်။ မယုံမရှိနှင့်။ တရုတ်နိုင်ငံနှင့် အချို့သော နိုင်ငံများက လတ်လတ် ဆတ်ဆတ်ကြီး သက်သေပြထားပြီးပြီ။ ကျွန်တော်တို့ သည်နှစ်သင်္ကြန် ရက်ရှည်အိမ်မှာနေကြမည်။ ယခုလို နေရတာကို ကသိကအောက်ဟုမမြင်ဘဲ အခွင့်အရေး တစ်ခုဟု ပြောင်းမြင်လိုက်ပါ။ ဘာအခွင့်အရေးများလဲ။ အိမ်မှာ ယခုလိုနားရသည့် အခွင့်အရေး (စာဖတ်မလား၊ ဝါသနာပါတာတစ်ခုခု လေ့ကျင့်နေမလား၊ တရားဘာဝနာ ပွားမလား)။ နောက်အခွင့်အရေးက ပိုမွန်မြတ်သည်၊ လူများကို အသက်ကယ်ပေးရသည့် အခွင့်အရေး ဖြစ်သည်။


နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းသည့် မွန်မြတ် သော အခါသမယတွင် အိမ်ထဲတွင် ကျန်းမာအောင်နေပေး လိုက်ပြီး လူအချင်းချင်းအကြား ရောဂါပျံ့နှံ့ကူးစက်မှုကို ဟန့်တားပေးခြင်းဖြင့် အသက်ကယ်ပေးသော မွန်မြတ် သည့် လုပ်ငန်းတစ်ခုလုပ်ရသည့် အခွင့်အရေးပဲ ဖြစ်သည်။ ခါတိုင်းလို မပျော်ရဘူးဆိုလျှင်လည်း ထိုအပျော်များကို အသက်ကယ်သည့် အလှူအဖြစ် ပေးဆပ်လိုက်ပါလားဟု သဘောထားစေချင်သည်။ စိတ်ကသိကအောက် ဖြစ်ရသည်ဆိုလျှင်လည်း ထိုစိတ်မသက်သာမှုကို အသက် ကယ်သည့်အလှူဟု သတ်မှတ်လိုက်စေချင်သည်။
သင်္ကြန်ဆိုသည်မှာ ရပ်တန့်သွားသည့်အရာမှ မဟုတ်ပေပဲ။ ကျွန်တော်ကိုယ်တိုင်ပင် သင်္ကြန်ပေါင်း ၅၀ ကျော်ဆင်နွှဲပြီးပြီ။ သည်နှစ်သင်္ကြန်မနွှဲရ ဘာဖြစ်လဲ။ နောက်နှစ်များမှာ သင်္ကြန်တွေလာဦးမှာပဲ။ အဲဒီလာမည့် သင်္ကြန်များ မင်္ဂလာရှိဖို့လိုသည်။ ထိုသင်္ကြန်များကို အားပါးတရ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခွင့်ရှိရန် ပိုအရေးကြီး သည်။ မဲပြာပုဆိုးစကားပုံတစ်ခုကိုပဲ ညွှန်းပြောပါရစေ။ အနာခံက အသာစံရမည်။


ကျွန်တော်တို့က သင်္ကြန်ကျလျှင် သိကြားမင်း မိုးပေါ်ကဆင်းလာသည်။ သင်္ကြန်တက်လျှင် သိကြားမင်း ပြန်တက်သွားသည်ဟု ပြောတတ်ဆိုတတ်ကြသည်။ သည်နှစ်သင်္ကြန်ကာလပြီးလို့ သိကြားမင်းပြန်တက်ချိန် တွင် လူတို့၏အသက်များ၊ ဘဝများကိုကယ်တင်ပေးကြ သည့် တိတ်ဆိတ်သော သင်္ကြန်ပွဲကို အိမ်ထဲတွင် ကုသိုလ် ယူဆင်နွှဲပေးနေကြသည့် မြန်မာပြည်က လူများကို မြင်ပြီး သိကြားမင်းကြီး သာဓုခေါ်ဆိုနေပုံကို ယခုကတည်းက ကျွန်တော်ကြိုမြင်နေမိပါသည်။ ။