သိမ်းဆည်းထားသည့် အီရန်ရေနံတင်သင်္ဘောကို ဂျီဘရော်လ်တာက ပြန်လွှတ်ပေး

တီဟီရန် ၁၆ သြဂုတ်

ဂျီဘရော်လ်တာမှ အာဏာပိုင်များသည် လွန်ခဲ့သည့်လအတွင်း ဗြိတိန်ပိုင်နယ်မြေတွင် သိမ်းဆည်းမိခဲ့သော အီရန်ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်းသိရသည်။ အဆိုပါ အီရန်ရေနံတင်သင်္ဘောသည် အီးယူ၏ ပိတ်ဆို့မှုကို ချိုးဖောက်ကာ ဆီးရီးယားသို့ ရေနံတင်ပို့သည်ဟု သံသယရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များသည် အီရန်ရေနံတင်သင်္ဘောကို ပြန်လွှတ်လိုက်ကြောင်း သြဂုတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် သင်္ဘောသည် ဥရောပသမဂ္ဂက ပိတ်ဆို့မှုပြုထားသော နိုင်ငံများဆီသို့ ခုတ်မောင်းခြင်းမပြုပါဟု အီရန်ဘက်မှ အာမခံခဲ့သည်ဟု ပါရှိသည်။ ထို့ကြောင့်အဆိုပါသင်္ဘောကို ဆက်လက် ထိန်းသိမ်းထားရန် အကြောင်းမရှိတော့ပေ။ အမေရိကန်ဘက်ကမူ အဆိုပါသင်္ဘောကို ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းသွားရန် နောက်ဆုံးအချိန်ထိ တောင်းဆိုခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာအစ်က အမေရိကန်၏အားထုတ်မှုသည် ပင်လယ်ပြင်တွင် အီရန်ပိုင်ဆိုင်သည့် အရာများကို ခိုးယူရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ဘက်မှ ကြိုးပမ်းအားထုတ်မှုသည် တရားဥပဒေကို အလေးမထားခြင်းသာဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

အီရန်မှ ရေနံတင်သင်္ဘောကို သိမ်းယူပြီး နှစ်ပတ်အကြာတွင် အီရန်ဘက်မှလည်း ဗြိတိန်အလံ တပ်ဆင်ထားသည့် သင်္ဘောကို ထိန်းသိမ်းခဲ့သည်။ အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားတွင် အီရန်၏ရန်လိုမှုကို တုံ့ပြန်နိုင်ရေး ရေတပ်မဟာမိတ်များ ပူးပေါင်းလိုသည်ဟု သိရသည်။

အင်န်အိတ်ချ်ကေ