သိမ်မွေ့သောစွမ်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်

နေပြည်တော် ၂၄ မတ်

အနုပညာနှင့် အတတ်ပညာတို့ ပေါင်းစပ်ထားသည့် ရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာခဲ့သည်မှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီး မြန်မာနိုင်ငံအဖို့မူ လာမည့်နှစ်တွင် နှစ်တစ်ရာ ပြည့်ပြီဖြစ်သည်။ အနုပညာ ရှင်များနှင့် အတတ်ပညာရှင်များ ပူးပေါင်းဖန်တီးထုတ်လုပ်ကြသည့် ရုပ်ရှင်က လူ့အဖွဲ့အစည်းတို့အပေါ်တွင် သြဇာလွှမ်းမိုးမှုရှိသည်။ သြဇာလွှမ်းမိုးသည်ဟု ဆိုရာတွင်လည်း မာကြောခက်ထန်စွာမဟုတ်၊ သိမ်မွေ့ နူးညံ့စွာဖြစ်သည်။

ရုပ်ရှင်အနုပညာ၏ သိမ်မွေ့သောစွမ်းအားကိုရယူကာ အချို့သော နိုင်ငံများက ၎င်းတို့၏ နိုင်ငံရေးအယူအဆများ၊ မူဝါဒများကို လူ့အဖွဲ့အစည်းများဆီသို့ ဖြန့်ချိသည်။ ထိုအခါ ဝါဒဖြန့်သည်ဟု ဆိုလျှင်ပင် အနုပညာ၏သိမ်မွေ့သော စွမ်းအားကြောင့် ဝါဒဖြန့်သည်ဟုမထင်ရ။ ရုပ်ရှင်အနုပညာသည် လူ့အဖွဲ့အစည်း၏ ခေတ်ပြိုင်အကြောင်းအရာများကို ဖော်ထုတ် တင်ပြနိုင်သလို သတင်းစကား ပါးနိုင်သည်။ ယဉ်ကျေးမှု အမွေအနှစ်ကောင်းများကို သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် နှိုးဆော်နိုင်သကဲ့သို့ အယူအဆ အလွဲအမှားများ၊ စွန့်ပစ်အပ်သည့် ဓလေ့ထုံးစံများကို လူ့အဖွဲ့အစည်းအတွင်းမှ ဖယ်ရှားနိုင်ရေး အတွက်လည်း ရုပ်ရှင်၏ သိမ်မွေ့သောစွမ်းအားဖြင့် စွမ်းဆောင်ပေးနိုင်သည်။ လူအချင်းချင်း လေးစားရေး၊ လောကပါလတရားများ ထွန်းကားရေး၊ ဘာသာတရားတို့၏ အနှစ်သာရများကို ပိုမို၍ နားလည်ကြစေရေး၊ လူ့အဖွဲ့အစည်းများအတွင်းမှ ပဋိပက္ခများကို ရှောင်ရှားနိုင်ကြစေရေး စသည်ဖြင့် ရုပ်ရှင်အနုပညာ စွမ်းပကားဖြင့် လူ့အဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းစေနိုင်မှု စွမ်းပကားမှာ ကြီးမားလှသည်။

“ကျွန်မတို့နိုင်ငံကို ငြိမ်းချမ်းအောင်၊ ညီညွတ်အောင်၊ တိုးတက် ဖွံ့ဖြိုးအောင် လုပ်ဆောင်တဲ့နေရာမှာ အနုပညာဖန်တီးမှုများကလည်း ရှိနေတဲ့ သိမ်မွေ့တဲ့စွမ်းအားကို အကျိုးရှိရှိ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ စဉ်းစားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်များကပေးတဲ့ သြဇာဟာ လူအများရဲ့ စိတ်နှလုံးကို အများကြီးလွှမ်းမိုးနိုင်ပါတယ်။ ဒါဟာ ကျွန်မ ပြောလေ့ရှိတဲ့ Soft Power ပါပဲ။ အဲဒီလို သိမ်မွေ့တဲ့စွမ်းအားကို မှန်မှန်ကန်ကန် အသုံးချပြီးတော့ ကျွန်မတို့နိုင်ငံအတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေချင်ပါတယ်”ဟူ၍ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောကြားခဲ့ခြင်းက မြန်မာ့ရုပ်ရှင် လောကသားတို့၏ အခန်းကဏ္ဍကို အလေးအနက်ပြုလျက် တိုက်တွန်းခဲ့ခြင်းပင်ဖြစ်သည်။

မြန်မာ့ရုပ်ရှင်၏ ပစ္စုပ္ပန်အခြေအနေသည် ငယ်ရုပ်ဆင်တစ်သွင် ဆန်းလျက် အညွန့်အခက်တို့ ပြန်လည်ပေါ်ထွက်လာခဲ့ပြီ။ အားသစ်အင်သစ် မျှော်လင့်ချက်အသစ်များဖြင့် အနာဂတ်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မြင်စပြုပြီ။ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက် ရမည့်သူများမှာ ရုပ်ရှင်လောကသားများပင်ဖြစ်ပြီး နိုင်ငံတော်အစိုးရကမူ စိတ်အားထက်သန်စွာ ဝိုင်းဝန်းကူညီသွားမည်ဖြစ်ရာ ရုပ်ရှင်အနုပညာ၏ သိမ်မွေ့သောစွမ်းအားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့တွင် ဂုဏ်သိက္ခာမြင့်မားစွာဖြင့် ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

ရုပ်ရှင်ရုံသစ်များ အများအပြား ပေါ်ထွက်လာသလို မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ နိုင်ငံတကာ ဈေးကွက်ဆီသို့ပါ တင်ပို့နိုင်သည့် အခြေအနေကောင်းများလည်း ပေါ်ထွက်လာခြင်း၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှ ရုပ်ရှင်မြှင့်တင်ရေး စင်တာနှင့် ရုပ်ရှင်စတူဒီယိုများ ပြန်လည်သက်ဝင်လှုပ်ရှားလာခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးဆိုင်ရာ အခက်အခဲများနှင့် လိုအပ်ချက်များအတွက် ညှိနှိုင်းဆောင်ရွက်နိုင်မည့် အဖွဲ့အစည်း ပေါ်ပေါက်လာခြင်းတို့က မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ အနာဂတ် အစွမ်းကုန်တောက်ပနိုင်ရေးအတွက် အခြေခံကောင်းများဖြစ်သည့်အလျောက် သိမ်မွေ့သည့်စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြပါစေကြောင်း။

မြန်မာ့အလင်း