သိမြင်နားလည်မှ အတူလက်တွဲခိုင်မြဲ

mdn

နေပြည်တော် ၁ ဖေဖော်ဝါရီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်း ကွက်ကွက်ကိုသာ ရွေးချယ်ကြည့်ရှု ဆက်ဆံ၍ရမည်မဟုတ်ပေ။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားသော လူမျိုးများအားလုံးတို့ကို နားလည်ရန်၊ သိရှိရန်၊ ဆက်ဆံရန် လိုအပ်မည် ဖြစ်သည်။

 

"မတူကွဲပြားမှုကနေ ညီညွတ်မှုထူထောင်နိုင်တယ်ဆိုတာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ထပ်တလဲလဲ ပြောနေ တာပါ။ တချို့တွေဆိုရင် ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ကြပါဘူး။ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကိုနားမလည်ဘဲနဲ့ ကိုယ့်ရဲ့ အသိုင်းအဝိုင်းလေး တစ်ခုအတွက် စဉ်းစားကြ ပါတယ်။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းလေးတစ်ခု အတွက်စဉ်းစားရင် ကိုယ့်ကမ္ဘာကြီးက ဘယ်လောက် ကျဉ်းသွား မလဲဆိုတာ စဉ်းစားကြည့်ပါ" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လေရှီး မြို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

 

ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ဖြစ်နေပြီး တစ်ဦးနှင့်တစ်ဦး၊ တစ်နေရာနှင့်တစ်နေရာ အပြန်အလှန် ဆက်နွှယ် နေသည်ဖြစ်ရာ ရှေးယခင်က ကဲ့သို့ ကိုယ့်အသိုင်းအဝိုင်းတစ်ခုတည်းအတွက်၊ ကိုယ့်လူမျိုးတစ်မျိုး တည်းအတွက် ကွက်ကွက်လေးရှုမြင်ရမည့် အချိန်အခါမဟုတ်တော့ပေ။ မတူကွဲပြားသော အသိုင်းအဝိုင်းများ အကြား၊ မတူကွဲပြားသောလူမျိုးများ အကြား ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံနေထိုင်ကြရမည့် ကာလ ဖြစ်သည်။ မတူကွဲပြားသူအချင်းချင်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံ ခြင်းသည် ပြည်ထောင် စုစိတ်ဓာတ်ဖြစ်သည်။ ဤကမ္ဘာကြီးသည် ယခင် ကမ္ဘာကြီးနှင့်မတူ၊ ပြည်ထောင်စုနိုင်ငံများ၊ ပြည်ထောင်စု လူမျိုးများ ပေါင်းစု ထားသည့် ပြည်ထောင်စုကမ္ဘာကြီးဖြစ်နေချေပြီ။

 

မျက်မှောက်ကာလတွင် ပြည်ထောင်စုကိုသော်လည်းကောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုသော်လည်းကောင်း နက်နက်နဲနဲမသိကြခြင်းမှာ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်းတစ်ခုတည်းကို စဉ်းစားကြသည့် ကျဉ်းမြောင်းသော စိတ်ဓာတ်များ ရှိနေသောကြောင့်ဖြစ်သည်။ ကျဉ်းမြောင်းသော စိတ်ဓာတ်သည် ငြိမ်းချမ်းသော လူ့အသိုက် အဝန်းကို မည်သို့မျှတည်ဆောက် နိုင်မည်မဟုတ်ချေ။ ကျဉ်းမြောင်းသောစိတ်ရှိသည်မှာ အခြားလူမျိုးတို့၏ အခြေအနေ၊ သဘောထားအမှန်ကို နားလည်လက်ခံထားခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု သားလူမျိုးများ၏အကြောင်းကို နားလည်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်တိုင်းရင်းသားလူမျိုးတစ်ရာ ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ် သည်ကို သိရှိထားကြရာ၌ တိုင်းရင်း သားလူမျိုးများ၏ပုံသဏ္ဌာန်ကိုသာအများအားဖြင့်သိရှိကြပြီး လူမျိုး တစ်မျိုး ချင်းစီ၏အကြောင်းကို သေချာစွာသိရှိနားလည်ကြခြင်းမရှိပေ။ ဤပြည်ထောင်စုမြေပေါ်တွင် နေထိုင် ကြသည့် လူတိုင်းလူတိုင်းအနေဖြင့် ဤပြည်ထောင်စုအတွင်းနေထိုင်ကြသော သွေးချင်းသားချင်း လူမျိုး ပေါင်းစုံ တို့၏ ဇာစ်မြစ်၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုတို့ကို သိရှိနားလည်ထားရန်မှာ အရေးကြီးပေသည်။ အိမ်သား အချင်းချင်းသည်လည်းကောင်း၊ အိမ်နီး နားချင်း အချင်းချင်းသည်လည်းကောင်း တစ်ဦး၏စရိုက်၊ တစ်ဦး၏ ဓလေ့ကို တစ်ဦးကသိရှိပါမှ၊ နားလည်ပါမှ ဆက်ဆံရေးအဆင်ပြေမည်။ ဆက်ဆံ ရေးပြေပြစ် ပါမှလည်း ရင်းရင်းနှီးနှီး အေးအတူပူအမျှ နေထိုင်သွားနိုင်ကြမည် ဖြစ်သည်။ အေးအတူပူအမျှ နေထိုင်ကြပါမှ ငြိမ်းချမ်းသာယာမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။

 

ကျွန်ုပ်တို့သွေးချင်းသားချင်းများ၏ ဓလေ့ထုံးစံယဉ်ကျေးမှုနှင့် သွေးမတူ၊ သားမတူ၊ ယဉ်ကျေးမှုမတူသည့် နိုင်ငံခြားသားများက ခဏ တစ်ဖြုတ်လာရောက်၍ လေ့လာမှတ်သားမှတ်တမ်းတင်ကြသည်။ အပေါ်ယံ အမြင်၊ အပေါ်ယံအထင်ဖြင့် မှတ်တမ်းတင်သိရှိကြရခြင်းထက် မိမိတို့သွေးချင်းသားချင်း ဤမြေတွင် အတူနေ သည့် တိုင်းရင်းသားလူမျိုးအချင်း ချင်းတို့က ပိုမို၍အလေးထားကာ လေးလေးနက်နက် သိရှိထားသင့်သည်။ တစ်မြေတည်းအတူနေသူအချင်းချင်း မကောင်းသောအမြင်မရှုမြင်ဘဲ မိမိတို့ ညီအစ်ကိုမောင်နှမအချင်းချင်း၏ ပင်ကိုစိတ်ရင်းဓလေ့စရိုက်နှင့် ရင်တွင်းမှ ဆန္ဒအရင်းအမှန်တို့ကို ထဲထဲဝင်ဝင်လေ့လာခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုနှင့် နားလည်သိမြင်မှုတို့ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မတူကွဲပြားမှုများ ပေါင်းစည်းဆက်နွှယ်နေထိုင်ကြသည့် ဤကမ္ဘာလောကကြီးတွင် တစ်ဦးနှင့် တစ်ဦး ကျယ်ပြန့်သည့်အမြင်ဖြင့် ဆက်ဆံကာ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာအောင် ကြိုးပမ်း တည်ဆောက် ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ