Singapore Festival 2020 ပွဲတော်ဖြင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းအရှိန်မြှင့်

ရန်ကုန် ၂   ဖေဖော်ဝါရီ

 

စင်ကာပူနိုင်ငံ၏ ပုံရိပ်တို့ကို ထင်ဟပ်စေမည့်ပြခန်းများနှင့် နာမည်ကျော် အစားအစာများ၊ အနုပညာလက်ရာများကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ချင်းချောင်းနန်းတော်တွင် ဖေဖော်ဝါရီ(၂)ရက်နေ့ထိ နှစ်ရက်တိုင်ကျင်းပခဲ့ရာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းကို ပိုမိုအရှိန်မြှင့်တင်ရန် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လွန်ခဲ့သောနှစ် ၅၀ ကစ၍ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ နှစ်နိုင်ငံချစ်ကြည်ရေးကို တည်ဆောက်ခဲ့ပြီး ခရီးသွားလုပ်ငန်း ပိုမိုအားကောင်းလာသော မြန်မာနိုင်ငံ၌ နှစ်နိုင်ငံခရီးသွား လုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်မှုနှင့်အတူ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ၂၀၁၈ ခုနှစ်တွင် (၁၄၀၀၀၀) ကျော် နှင့် ၂၀၁၉-ခုနှစ်တွင် (၁၄၂၀၀၀) ကျော် လည်ပတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့်အတူ နိုင်ငံခြားခရီးသွားများစွာ လာရောက်လည်ပတ်ခဲ့ရာ ထိုသို့အပြန်အလှန် ခရီးသွားကဏ္ဍမြှင့်တင်ရေးတွင် အထောက်အကူဖြစ်စေမည့် Singapore festival 2020 ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့် ၂၀၁၈-ခုနှစ်တွင်လည်း ဘိုကလေးဈေးလမ်း၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

 

ချင်းချောင်းနန်းတော် အဝင်လမ်းတစ်လျှောက်တွင် နှစ်နိုင်ငံအနုပညာရှင်တို့၏ စိတ်ဝင်စားဖွယ်လက်ရာတို့ကို ပုံဖော်ထားပြီး စင်ကာပူနိုင်ငံမှ နာမည်ကြီး အစားအသောက်များကို ဖွင့်လှစ်ပြသထားသည်။ ချင်းချောင်းနန်တော်အဆောက်အဦ ဝင်ပေါက်အတွင်းပိုင်းတွင် စင်ကာပူနိုင်ငံမှ visual အနုပညာရှင် Urich Lau ၏ လက်ရာဖြစ်သော နံရံနှင့်မျက်နှာကြက်တို့၌ ရုပ်ပုံနှင့်အသံတို့ကို ဖန်တီးပြသထားပြီး ချင်းချောင်းနန်းတော်အလယ်၌ စင်ကာပူမှ ပန်းချီအနုပညာရှင်နှင့် မြန်မာနိုင်ငံမှ ပန်းပုပညာရှင်တို့၏ လက်ရာများကို ပြသထားကာ မြန်မာအနုပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တီထွင်ပြသထားသော ယနေ့ကမ္ဘာတွင် အချိန်သည် အရေးကြီးလာပုံကို စင်ကာပူမှ နာရီလက်တံများနှင့် မြန်မာပြည်မှဒေသထွက် သနပ်ခါး၊ ခရေပန်းတို့ဖြင့် နာရီရှစ်လုံးကိုသရုပ်ဖော် ပြသထားသည်။

 

စင်ကာပူမှ အနုပညာရှင် နီကိုလာအန်တိုနီက ကဗျာများကို မီးပန်းဆိုင်းများ ပမာချိတ်ဆွဲပြသထားပြီး နန်းတော်ဗဟိုခန်းမကြီးတွင် စင်ကာပူမှအနုပညာရှင် မာ့ခ်နှင့်မြန်မာနိုင်ငံမှ ကိုမောင်ဒေးတို့က ဓာတ်ပုံ၊ ကဗျာများကိုလည်းကောင်း၊ တစ်ဘက်ခန်းတွင် တီဗွီဖန်သားပြင်(၁၀)ပေါ်၌ ကမ္ဘာအနှံ့မှ ပုံများကို အချိန်တစ်မိနစ်တွင် ကြည့်ရှုလေ့လာနိုင်ရန်၎င်း၊ နန်တော်အပေါ်ထပ်၌ ယနေ့ကမ္ဘာကြီးတွင် သစ်ပင်၊ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်များ ထာဝရရှင်သန်နိုင်စေရန် အရုပ်များဖြင့် သရုပ်ဖော်ထားလျှက် တစ်ဆက်တည်းတွင် စင်ကာပူနိုင်ငံမှ အဝတ်အထည်၊ အလှကုန်ပစ္စည်း မျိုးစုံကိုလည်း ပြသထားသည်။

 

Singapore Festival 2020 တွင် စင်ကာပူနိုင်ငံ၏ ဂီတ၊ အနုပညာ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းတို့ကို ပြသခဲ့ပြီး စင်ကာပူ နိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့မှနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အရှိန်ပိုမိုမြှင့်တင်နိုင်ရန် ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး