သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၁၇ ဇန်နဝါရီ 


မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီက သိန္နီမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားလမ်းတွင် မခေါမျော်မောင်းနှင်ပြီး ဒေါ်ဒေါင်နန်း လိုက်ပါလာသော Mark II အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ငွေကျပ် ၃ သိန်းနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်းကောင်း။


အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်က မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့အထွက်၊ ယူကလစ်တောအနီး၊ ကွတ်ခိုင်-ကောင်းခါး သွားလမ်းတွင် ဇော်ထွန်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ နံနက် ၈ နာရီခွဲက နမ္မတူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ္မတူမြို့၊ ပန်ဟိုက်(၇)ရပ်ကွက်နေ ကျော်ဌေး၏ နေအိမ်ကိုရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


MDN